ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းနှင့် တိုက်စစ်မှူး ဂရီးဇ်မန်းတို့အကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေကြောင်း စပိန်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ဂရီးဇ်မန်းသည် ယခုရာသီ လာလီဂါ ပွဲစဉ် လေးပွဲစလုံး ပွဲ ထွက်ကစားခွင့်ရထားပြီး တိုက်စစ်သုံးဦး အနက် ယာဘက်အစွန်နေရာတွင် ကစားလျက်ရှိသည်။ ၎င်းသည် ယင်းသုံးပွဲစလုံးတွင် တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသော်လည်း ပြင်သစ်နှင့် ခရိုအေးရှားအသင်းတို့ ကစားခဲ့သည့် UEFA Nations League ပြိုင်ပွဲတွင်မူ တိုက်စစ်ကစားသမားနှစ်ဦး၏ အနောက်ဘက် အလယ်နေရာတွင်ကစားရာ ခြေစွမ်းပြနိုင်ခဲ့သလို အဖွင့်ဂိုးပါ သွင်းယူနိုင်ခဲ့သည်။

ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဂရီးဇ်မန်းက မိမိအတွက် အကောင်းဆုံးနေရာတွင် ကစားရသဖြင့် ကစားပုံကောင်းမွန်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဂရီးဇ်မန်း၏ မှတ်ချက်စကားကို ရော်နယ်လ်ကိုးမန်းက ပြန်လည်တုံ့ပြန်ခဲ့ပြီး နည်းပြဖြစ်သည့် မိမိကသာ ဆုံးဖြတ်ချက်ချမည်ဖြစ်ပြီး ကစားသမားအနေဖြင့် အကောင်းဆုံးလိုက်ကစားရမည် ဖြစ်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ရော်နယ်လ်ကိုးမန်းက " ကြာသပတေးနေ့က ကျွန်တော်နဲ့ အန်တွမ် စကားပြောပြီးပါပြီ။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် အရာကိုပဲ လုပ်နေတယ်လို့ သူ့ကိုပြောပြခဲ့ပါတယ်။ သူက ကျွန်တော်တို့အသင်းအတွက် ညာဘက်နေရာမှာ အကောင်းဆုံးလို့ ထင်ပါတယ်။ သူက နေရာသုံးနေရာလောက်ကစားနိုင်ပါတယ်။ သူက နံပါတ် ၁၀ ဒါမှမဟုတ် နံပါတ် ၉ နေရာမှာလည်း ကစားနိုင်ပါတယ်။ အချက်အလက်တွေအရ ပြောရရင် ကျွန်တော် ဒတ်ချ်အသင်းနည်းပြလုပ်နေတုန်းက ပြင်သစ်နဲ့ပွဲမှာ သူက ညာဘက်မှာပဲ ကစားခဲ့တာပါ။ ကျွန်တော်နဲ့ အန်တွမ်ကြားမှာ ပြဿနာမရှိပါဘူး။ ကျွန်တော့်အနေနဲ့ နံပါတ် ၉၊ နံပါတ် ၁၀၊ နံပါတ် ၇ စတဲ့ကစားသမားတွေကို တစ်ယောက်စီပဲ သုံးလို့ရပါတယ်။ ကျွန်တော်က ကစားသမားတွေကို သူတို့မကစားနိုင်တဲ့နေရာတွေမှာ မကစားခိုင်းပါဘူး။ ဂရီးဇ်မန်းက သူ့ရဲ့ဘယ်ခြေထောက်နဲ့ အပြင်ဘက်ကနေ အတွင်းကို ဝင်ကစားနိုင်ပါတယ်။ သူက တခြားနေရာမှာဆိုရင်လည်း ဒီထက်ပိုပြီး ကစားနိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ နံပါတ် ၁၀ နေရာအတွက် ကစားသမား ၁၀ ယောက် မရှိပါဘူး။ ကျွန်တော်က အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်ကိစ္စအပေါ် မူတည်ပြီးတော့ပဲ ဆုံးဖြတ်ပါတယ်။ နည်းပြ ဆိုတာ အဓိကတာဝန်ရှိတဲ့သူပါ။ ကစားသမားတွေအနေနဲ့ ကိုယ်ကစားခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးကစားပြနိုင်ဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် (၆) အဖြစ် မနေ့ညက ဂီတာဖေး အသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားခဲ့ပြီး (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။















