COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားနိုင်ရန် အစိုးရအနေဖြင့် ကျပ်ဘီလျံ ၄၀၀၀ အသုံးပြုခဲ့ပြီး ယင်းသည် GDP ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားနိုင်ရန် အစိုးရအနေဖြင့် ကျပ်ဘီလျံ ၄၀၀၀ အသုံးပြုခဲ့ပြီး ယင်းသည် GDP ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
AustCham Myanmar က စီစဉ်ကျင်းပသည့် ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
AustCham Myanmar က စီစဉ်ကျင်းပသည့် ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
Published 17 October 2020

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကျပ်ဘီလျံ ၄၀၀၀ အသုံးပြုခဲ့ကြောင်းနှင့် ယင်းသည် GDP ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

AustCham Myanmar က စီစဉ်ကျင်းပသည့် Election 2020: Key Issues for Business Webinar ကို အောက်တိုဘာ ၁၆ ရက်က ကျင်းပခဲ့ရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် COVID-19 ကြောင့် စီးပွားရေးအပေါ်သက်ရောက်မှုများကို ကုစားခြင်းနှင့် ရေရှည်အစီအမံများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ၏ အခန်းကဏ္ဍတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာသက်ရောက်မှုများအတွက် ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးရာတွင် ကျပ်ဘီလျံ ၁၀၀ ကို ပထမအရစ်ကျပ် ၃၅ ဘီလျံ၊ ဒုတိယအရစ်ကျပ် ၃၅ ဘီလျံနှင့် တတိယအရစ် ကျပ်ဘီလျံ ၃၀ ကို အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်ကုန် ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးရေးဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့်လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် COVID-19 ချေးငွေ ကျပ်ဘီလျံ ၁၀၀ အနက်မှ ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၂၀၀ ခုသို့ ကျပ်၂၁ ဒသမ ၁၂၂ ဘီလျံကို ချေးငွေထုတ်ယူခွင့်ပြုလိုက်သည်။

ပထမအကြိမ် COVID-19 ချေးငွေအစီအစဉ်အရ လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေကျပ် ၁၀၁ ဒသမ ၁၂၈ ဘီလျံထုတ်ပေးရန် စိစစ်ခွင့်ပြုခဲ့သည့်အနက် လုပ်ငန်း ၃၂၃၉ ခု သို့ ငွေကျပ် ၉၇ ဒသမ ၀၅၀ ဘီလျံ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့ ချေးငွေကျပ် ၄ ဒသမ ၀၇၈ ဘီလျံဆက်လက်ထုတ်ပေးရေး မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လက်ရှိအချိန်အထိ ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေထုတ်ပေးနိုင်မှုအခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍလုပ်ငန်း ၄၁ ခု ငွေကျပ် သန်း ၁၀၁၀၊ မွေးမြူရေးကဏ္ဍလုပ်ငန်း ၁၈၂ ခုငွေကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်းကဏ္ဍ လုပ်ငန်း ၉၃ ခု ငွေကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်းကဏ္ဍ လုပ်ငန်း ၄၂ ခု ငွေကျပ်သန်း ၁၇၇၀၊ သွင်းကုန်အစားထိုးကဏ္ဍလုပ်ငန်း ၁၅၃ ခုငွေကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်း ၄၉ ခု ငွေကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန်ကဏ္ဍလုပ်ငန်း ၁၅၇၀ ခု ငွေကျပ်သန်း ၂၇၅၆၀၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ၇၀ ငွေကျပ်သန်း ၈၇၀၊ အသက်မွေးပညာသင်လုပ်ငန်းများ လုပ်ငန်း ၄၁ ခု ငွေကျပ် ၈၅၂ သန်း၊ စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခု ငွေကျပ် ၄၁၈၉၉ သန်းအထိ ထုတ်ချေးပေးကြောင်း သိရသည်။