ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အသိပညာပေး လုပ်ဆောင်နေသည့် အဖွဲ့များအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကန့်သတ်ချက်များကြောင့် Voter Education လုပ်ဆောင်ရန် ခက်ခဲမှုများ ကြုံတွေ့နေရပြီး လေ့လာမှုစစ်တမ်းများအရ ၂၀၂၀ ရွေးကောက်ပွဲအား ပြည်သူများအနေဖြင့် စိတ်ပါဝင်စားမှု လျော့ကျနေကြောင်း သတင်းရရှိသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အသိပညာပေး လုပ်ဆောင်နေသည့်အဖွဲ့များမှာ အလွန်များပြားခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အဖွဲ့အစည်း အနည်းသာရှိတော့ပြီး Voter Education လုပ်ဆောင်ရာတွင်လည်း အခက်အခဲများရှိနေကြောင်း Voter Education လိုက်လံ လုပ်ဆောင်ပေးနေသည့် Ayeyarwaddy Youth Network မှာ မစိန်နန်းကြည်က ဆိုသည်။
“ရွေးကောက်ပွဲ နီးနေချိန်မှာ ၂၀၁၅ လိုမျိုး Voter Education ပေးရတဲ့အချိန်မှာ အရမ်းအခက်အခဲ ဖြစ်တယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်တွေက Stay at Home ဖြစ်နေတဲ့အချိန်မှာ Voter Education ကို တစ်တိုင်းလုံး လိုက်ပေးဖို့ အနေအထားမှာဆိုရင် ခါတိုင်းလိုမျိုး တွင်တွင်ကျယ်ကျယ် မပေးနိုင်တော့ဘူး အခု Voter Education ဘယ်လိုလုပ်ရလဲ ဆိုတော့ ရုံးမှာ ဒီခရိုင်တွေအတွင်းမှာရှိတဲ့ လူငယ်တွေကို Stay at Home မထုတ်ခင် အချိန်လေးမှာ နည်းပြသင်တန်းတွေ ပေးခဲ့တယ်။ ပေးခဲ့ပြီး အခုသူတို့က သူတို့ဒေသမှာ သွားလာနိုင်လို့ ရတဲ့နေရာမှာ Voter Education ပြန်ပေးတဲ့ လူငယ်တွေ ရှိတယ်။ နောက်ထပ် အင်တာနက် ကောင်းကောင်းရတဲ့ နေရာမှာဆိုရင် Zoom နဲ့ ပေးရတယ်။ ပြီးတော့ ဘာအခက်အခဲရှိလဲ ဆိုတော့ တချို့ လိုင်းမမိတဲ့နေရာ အင်တာနက်မကောင်းတဲ့ နေရာမှာဆိုရင် Voter Education ပေးဖို့ အရမ်းအခက်အခဲ ဖြစ်တယ်။ Stay at Home ထုတ်ထားတဲ့ နေရာတွေမှာဆိုရင် မြို့ကျော်တာ ရပ်ကွက်ကျော်တာ ခက်ခဲတယ်။ တကယ်တမ်း မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲထည့်ကြမယ်။ ဒါပေမဲ့ ခိုင်လုံမဲဖြစ်ဖို့အတွက် အရမ်းအရေးကြီးတယ်ပေါ့နော်။ ကိုယ်ကြိုက်တဲ့ ပါတီသော် လည်းကောင်း ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းသော် လည်းကောင်း ဘယ်လိုမျိုး မဲပေးရမလဲ ကိုယ်ပေးလိုက်ရတဲ့ မဲက ခိုင်လုံမဲဖြစ်ဖို့ အရမ်းအရေးကြီးတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ ကိုဗစ်ဆိုတာ အချိန်ကာလ တစ်ခုအတွက်ပဲ မြန်မာပြည်သူပြည်သားအတွက် အရေးကြီးတယ် ဆိုပေမယ့် ရွေးကောက်ပွဲ ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတယ်ဆိုတော့ ရွေးကောက်ပွဲကို ကျင်းပပြီးတော့ ဒီရွေးကောက်ပွဲကို မဲထည့်မယ့်သူတွေ မဲဆန္ဒရှင်တွေက ဒီမဲအသိပညာပေးမှု မရှိဘူး မဲကောင်းကောင်းမွန်မွန် မထည့်တတ်ဘူး ဆိုရင်လည်း ရွေးကောက်ပွဲအတွက် ရလဒ်ကောင်းမှာ မဟုတ်ဘူးပေါ့နော်။ အခု လောလောဆယ်တော့ တတ်နိုင်သလောက် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ လူငယ်တွေကို အဓိက ဦးစားပေးတာက First time Voter ပေါ့နော်။ ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေ ဘယ်လိုမဲပေးရမလဲဆိုတဲ့ သင်တန်းလိုက်ပေး ပေးနေတယ်။ ပေးပေးနေတဲ အခါမှာကျတော့ တချို့နေရာတွေကို လုံးဝသွားလို့မရဘူး။ သွားလို့မရတဲ့ အခါကျတော့ Zoom နဲ့ လုပ်ရတာ တွေရှိတယ် ဒေသခံ လူငယ်တွေကနေ ဆင့်ပွားလုပ်ရတာတွေ ရှိတယ်”ဟု Ayeyarwady Youth Network မှ အလုပ်အမှုဆောင် ဒါရိုက်တာဖြစ်သူ မစိန်နန်းကြည်က ပြောကြားသည်။
ရွေးကောက်ပွဲအပေါ် ပြည်သူများအနေဖြင့် စိတ်ပါဝင်စားမှု အားနည်းနေခြင်းနှင့် မဲပေးခြင်းဆိုင်ရာ အသိပညာများ လိုအပ်နေခြင်းနှင့် ပတ်သက် မစိန်နန်းကြည်က “၂၀၂ဝနဲ့ ၂၀၁၅ က အရမ်းကွာတယ်။ ၂၀၁၅ တုန်းက အရမ်းတက်တက်ကြွကြွ ရှိတယ်။ ပြည်သူတွေကလည်း အပြောင်းအလဲ တစ်ခုလိုချင်တယ် ရွေးကောက်ပွဲကို အရမ်းစိတ်ဝင်စားခဲ့ကြတယ်။ အခုလို ရွေးကောက်ပွဲ အသိပညာပေး ဆိုရင်လည်း တော်တော်ကို တွင်တွင်ကျယ်ကျယ် လုပ်လို့ရတဲ့ အနေအထားပေါ့နော်။ ဧရာဝတီတိုင်းမှာဆိုရင် ကျွန်မတို့ တစ်ဖွဲ့ထဲ မဟုတ်ဘူး။ CSO၊ NGO၊ INGO တွေ အများကြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက နည်းပညာတွေ အကုန်လုံးပေးလို့ ရတယ်။ ဒီ ၂၀၂၀ အနေအထားမှာကျတော့ ကိုဗစ်က ခံနေတယ်။ ကိုဗစ်က ခံနေတဲ့အတွက် ဒီစားဝတ်နေရေးအတွက် ခက်ခဲတာတွေရယ် အသွားအလာ ခက်ခဲတာတွေရယ် ကြွေးမြီတွေနဲ့ စိတ်ညစ်နေတဲ့ ပြည်သူတွေရယ် အဲဒီအတွက် ရွေးကောက်ပွဲအတွက်ကို သွားလာတဲ့အခါမှာ တွေ့ရမြင်ရသလောက်ကတော့ သူတို့စိတ်ဝင်စားမှုလည်း အရမ်းအားနည်းတယ်။ ၂၀၁၅ ထက်စာရင် အခု ၂၀၂၀ က ပြည်သူတွေ စိတ်ပါဝင်စားမှုလည်း နည်းတယ်။ ရွေးကောက်ပွဲဆိုင်ရာ မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းဆိုင်ရာမှာလည်း မရတဲ့အရာတွေလည်း အများကြီးရှိတယ်။အနေအထားက အရမ်းကွာတယ်။ အခုဆိုရင် တချို့နယ်က လူငယ်တွေဆိုရင် အဝေးမှာ ရောက်နေကြတယ်။ သူတို့ပြန်လာချင်ကြတယ်။ ပြန်လာလို့ မရတာလဲ ရှိတယ်။ နောက်တစ်ခုက သူတို့ပြန်လာရမယ့် လမ်းကြောင်းတွေက ပိတ်နေတယ် သူတို့ဘာသာ အော်ဒါငှားပြီး ပြန်လာရမယ်ဆိုရင်လည်း အဆင်မပြေဘူး။ ပြီးတော့ Stay at Home တို့ နေရာမှာဆိုရင် ထွက်ခွင့်မရတဲ့ဟာတွေ အဲ့လိုအနေအထားမှာ ကိုယ့်နေရာ ကိုယ့်ဒေသကို မဲပေးချင်ရင်တောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူတို့မှာ အကျပ်အတည်း ဖြစ်နေတယ်။ တချို့ဆို မူဆယ်လို နယ်စပ်ဖက် ရောက်နေတဲ့ လူငယ်တွေရှိတယ် တခြားနေရာ ရောက်နေတဲ့ လူငယ်တွေ ရှိတယ်ပေါ့။ သူတို့ကတော့ ကိုယ့်ရွာမှာပဲ ကိုယ်ပြန်ပြီး မဲပြန်ပေးချင်တယ်ပေါ့။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ သူတို့မသိဘူး။ တချို့ကျတော့ သူတို့ ရောက်တဲ့နေရာမှာ မဲစာရင်း မထွက်တာတွေ ရှိတယ် သူတို့ရွာတွေမှာပဲ မဲစာရင်းထွက်နေတာကို ပြန်ပြောင်းပြီးပေးဖို့က တော်တော်လေး ခက်ခဲနေတယ်”ဟု ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သော်လည်း ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၏ ကန့်သတ်ချက်များကြောင့် ပါတီငယ်များမှ ကိုယ်စားလှယ်လောင်း အများစုမှာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို စတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။















