အိမ်ကွင်းမှာ မန်စီးတီးကိုသရေကစားပြီး မာကျောမှုကိုပြသနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

အိမ်ကွင်းမှာ မန်စီးတီးကိုသရေကစားပြီး မာကျောမှုကိုပြသနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်
Photos: Leeds Utd Twitter
Photos: Leeds Utd Twitter
Published 4 October 2020

အီဒါဆန်သာ လက်စွမ်းမပြနိုင်ခဲ့ရင်၊ လိဒ်စ်တိုက်စစ်မှူးတွေသာ အခွင့်အရေးကောင်းတွေကိုအသုံးချနိုင်ခဲ့ရင် ဒီပွဲဟာ မန်စီးတီးအတွက် နောက်ထပ်နာကျင်စရာရှုံးပွဲတစ်ပွဲဖြစ်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ် (၃)မှာ လက်စတာကိုအိမ်ကွင်းမှာ ဂိုးပြတ်ရှုံးထားတဲ့မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၂)ပွဲမှာ ဖူလ်ဟမ်၊ ရှက်ဖီးယူနိုက်တက်တို့ကို အနိုင်ယူထားတဲ့ လိဒ်စ်တို့ရဲ့တွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းခဲ့ပြီး ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း အကြိတ်အနယ်ရှိတဲ့ပွဲကောင်းတစ်ပွဲကို ခံစားခဲ့ရတာပါ။

မန်စီးတီးအသင်းနိုင်ပွဲအတွက် အသေချာပြင်ဆင်လာခဲ့ပေမယ့် လိဒ်စ်ရဲ့တုံ့ပြန်မှုတွေ၊ မြန်ဆန်တဲ့ကစားပုံတွေနဲ့ ခံစစ်ကျစ်လျစ်မှုတွေက ဂွါဒီယိုလာအတွက် ဖိအားပိုစေမယ့် သရေပွဲနဲ့ပဲ အဆုံးသတ်စေခဲ့တာပါ။

တန်းတက်အသင်းတစ်သင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတစ်သင်းကို ရှိန်မနေဘဲ တုံ့ပြန်ကစားသွားခဲ့တာတွေက ချီးကျူးစရာပါပဲ။

မန်စီးတီးအသင်းဟာ ကစားသမားသစ်ရူဘင်ဒီယက်ဇ်ကို ပွဲထွက်စေခဲ့သလို၊ ဖယ်ရန်တောရက်စ်၊ မာရက်ဇ်၊ စတာလင်တို့နဲ့ တိုက်စစ်ကိုခင်းကျင်းခဲ့တာပါ။ ဒါပေမဲ့ လိဒ်စ်အသင်းရဲ့ ကွင်းလယ်ပိုင်းလုပ်အားနှုန်းက မန်စီးတီးရဲ့ ကွင်းလယ်အစုအဖွဲ့ဖြစ်တဲ့ 

ဒီဘရိုင်နား၊ ရိုဒရီ၊ ဖိုဒန်တို့ကို အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့လို့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုတွေ ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။

ပွဲအစ (၁၇)မိနစ်မှာ စတာလင်ရဲ့သွင်းဂိုးနဲ့ မန်စီးတီးအသင်းဦးဆောင်ဂိုးရခဲ့ပေမယ့် အဲဒီနောက်ပိုင်း ပိုကောင်းတဲ့ပုံစံကိုပြခဲ့တာက လိဒ်စ်ယူနိုက်တက်ပါ။ လိဒ်စ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဟာ မန်စီးတီးဂိုးသမား အီဒါဆန်နဲ့ တစ်ဦးချင်းတွေ့ဆုံတဲ့

အခွင့်အရေးတွေအပါအဝင် ချေပဂိုးစောစောစီးစီးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာက နစ်နာခဲ့တယ်လို့ဆိုရပါလိမ့်မယ်။

ပထမပိုင်းမှာ (၁-ဝ)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ လိဒ်စ်အသင်းရဲ့ ချေပဂိုးအတွက်ကြိုးပမ်းမှု၊ မန်စီးတီးရဲ့နောက်ထပ်ဂိုးတွေရဖို့ တိုက်စစ်ဆင်မှုတွေကြောင့် ပွဲရဲ့အရှိန်ကအမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။

ချေပဂိုးရဖို့ တောက်လျှောက်ဖိအားပေးကြိုးစားနေတဲ့ လိဒ်စ်အသင်း ပွဲချိန် (၅၉)မိနစ်မှာတော့ လိုအပ်နေတဲ့ချေပဂိုးကိုရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ လူစားဝင်ကစားသမား ရိုဒရီဂိုက ကွင်းထဲရောက်ပြီး (၃)မိနစ်အကြာမှာပဲသွင်းယူပေးခဲ့တာပါ။

ရိုဒရီဂိုဟာ လိဒ်စ်အသင်းရဲ့သမိုင်းမှာ ပရီးမီးယားလိဂ်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး စပိန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

နောက်ပိုင်းမိနစ်တွေဟာ ပွဲရဲ့အရှိန်အမြင့်ဆုံးအချိန်တွေဖြစ်ပြီး နှစ်သင်းစလုံးရဲ့ လျှင်မြန်တဲ့အပြန်အလှန်တိုက်စစ်ဆင်မှုတွေ၊ ဂိုးသမား (၂)ဦးရဲ့ အပြန်အလှန်လက်စွမ်းပြမှုတွေ၊ နှစ်ဖက်တိုက်စစ်မှူးတွေ အပြန်အလှန်ဖြုန်းတီးခဲ့ကြတာတွေနဲ့ ပရီးမီးယားလိဂ်

ပွဲစဉ်တစ်ပွဲရဲ့ရသကို အပြည့်အဝပေးစွမ်းခဲ့ပါတယ်။

အထူးသဖြင့် ဂိုးသမားအီဒါဆန်သာ လက်စွမ်းမပြခဲ့ဖူးဆိုရင် မန်စီးတီးအသင်း ပရီးမီးယားလိဂ်(၂)ပွဲဆက်အရှုံးရလဒ်ကို သေချာပေါက်ကြုံရမယ့်အခြေအနေပါ။

ပွဲအပြီးမှာတော့ (၁-၁)ဂိုးနဲ့သရေကျခဲ့ပြီး မန်စီးတီးနည်းပြဂွါဒီယိုလာအတွက် ဖိအားပိုတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့်၊ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းကို အစီးသရေကစားသွားခဲ့တဲ့ လိဒ်စ်အသင်းအတွက်ကတော့ လာမယ့်ပွဲတွေအတွက် ယုံကြည်မှု

ပြည့်ဝစေခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

Most Read

Most Recent