မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာထိုးနှက်ခံခဲ့ရပြီး ကုန်ထုတ်လုပ်မှု ထိုးဆင်းကာ စက်ရုံများစွာ ပိတ်ခဲ့ရ၍ အလုပ်နေရာများစွာ လျှော့ချခံရ

မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာထိုးနှက်ခံခဲ့ရပြီး ကုန်ထုတ်လုပ်မှု ထိုးဆင်းကာ စက်ရုံများစွာ ပိတ်ခဲ့ရ၍ အလုပ်နေရာများစွာ လျှော့ချခံရ
ကုန်ထုတ်လုပ်ငန်းများ လည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်လုပ်ငန်းများ လည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 1 October 2020

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရပြီး ကုန်ထုတ်လုပ်မှု ထိုးဆင်းခဲ့ကာ စက်ရုံများစွာ ပိတ်ခဲ့ရ၍ အလုပ်နေရာများစွာ လျှော့ချခံရကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

စက်တင်ဘာ စစ်တမ်းဒေတာအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်လာမှုကို တိုက်ပွဲဝင်ရန် Lockdown အစီအစဉ်သစ်များစွာ ချမှတ်မှုကြောင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။ ရန်ကုန်တိုင်းအတွင်းရှိ အဓိကစက်မှုဇုန်များ အပါအဝင် စက်ရုံများ ယာယီပိတ်ခဲ့ရမှုကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ရပ်စလုံး အရှိန်ဖြင့် ကျဆင်းခဲ့ပြီး အလုပ်နေရာများ လျှော့ချခံခဲ့ရပြန်သည်။ စက်တင်ဘာတွင် လုပ်ငန်းအခြေအနေများ ဆိုးရွားလာမှုက ဇူလိုင်နှင့် သြဂုတ်လကြား နာလန်ပြန်ထူမှု ကာလတိုကို ရုတ်တရက် အဆုံးသတ်ပစ်လိုက်သည်။

စက်တင်ဘာအတွင်း မြန်မာ့ထုတ်လုပ်မှု PMI အညွှန်းမှာ ၃၅ ဒသမ ၉ သာရှိခဲ့ပြီး ယခင်လ ၅၃ ဒသမ ၂ မှ ထိုးဆင်းခဲ့ခြင်းဖြင့် ခြုံပြောရလျှင် ထုတ်လုပ်မှု အခြေအနေ ဆိုးရွားစွာ ကျဆင်းမှုကို အချက်ပြနေသည်။ ၃၅ ဒသမ ၉ နှုန်းမှာ ၂၀၁၅ ဒီဇင်ဘာတွင် စတင်ခဲ့သည့် စစ်တမ်းတွင် ဒုတိယအနိမ့်ဆုံးဖြစ်ပြီး ဧပြီလ ၂၉ ထက်သာ မြင့်သော်လည်း တစ်လအတွင်း PMI ကျဆင်းမှု ၁၇ ဒသမ ၃ နှုန်းမှာ မှတ်တမ်းသမိုင်းတွင် အများဆုံးဖြစ်ပြီး ဧပြီလကျဆင်းမှု ၁၆ ဒသမ ၃ ထက်ပင် များပြားခဲ့သည်။

PMI တွင် ပါဝင်သည့် အစိတ်အပိုင်း ငါးခုအနက် လေးခုမှာ စက်တင်ဘာတွင် အနုတ်လက္ခဏာသဘော သက်ရောက်ခဲ့ကြပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်တစ်သာ ချွင်းချက်ဖြစ်ခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ်နှစ်ရပ်စလုံး စစ်တမ်းသမိုင်းတွင် ဒုတိယ အများဆုံးနှုန်းဖြင့် ကျဆင်းခဲ့ပြီး သက်ဆိုင်ရာ အညွှန်းများမှာ တစ်လအတွင်း ၂၈ မှတ်ကျော် ကျဆင်းခဲ့ခြင်းဖြင့် စံချိန်တင်ခဲ့သည်။ အလုပ်နေရာများနှင့် သိုလှောင်ထားသည့် ဝယ်ကုန်များစာရင်းမှာ သုံးလနှင့် ခြောက်လအတွင်း အမြန်ဆုံးနှုန်းဖြင့် အသီးသီး ကျဆင်းခဲ့ကြသည်။

ဗိုင်းရပ်စ် အရှိန်ရ ကူးစက်လာမှုကြောင့် အဓိကဒေသများရှိ စက်ရုံများကို ပိတ်ခဲ့ရ၍ ထုတ်လုပ်မှုမှာ စက်တင်ဘာတွင် ပြင်းထန်စွာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ စစ်တမ်းထဲတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီ ထက်ဝက်ကျော် ၅၄ ရာခိုင်နှုန်းက ဧပြီလ၏ စံချိန်တင် ၈၁ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်လျှင် ထုတ်လုပ်မှု နည်းခဲ့ကြောင်း အစီရင်ခံခဲ့ပြီး နွေဦး Lockdown နောက်ပိုင်း ထုတ်လုပ်မှု နာလန်ထူလာခဲ့သည့် သုံးလကြာ ကာလအပြီး နောက်ဆုံးကာလတွင် ကျဆင်းလာခြင်းဖြစ်သည်။

ကန့်သတ်ချက် အသစ်များကြောင့် အဆိုပါကာလတွင် ဝယ်လိုအား တန့်နေခဲ့ပြီး ဇွန်-သြဂုတ် ကာလအတွင်း ထုတ်လုပ်မှု အသစ်တစ်ဖန် တိုးတက်လာခဲ့သည့်နောက်တွင် အလုပ်သစ်များ၏ပမာဏ ကျဆင်းခဲ့ရာ စစ်တမ်းသမိုင်းတွင် ဒုတိယအများဆုံးနှုန်း ဖြစ်လာသည်။ ပြည်တွင်းစျေးကွက်များမှာ ဝယ်လိုအားသည် အထူးအားနည်းနေခဲ့ပြီး သြဂုတ်တွင် တည်ငြိမ်နေခဲ့သည့် ပြည်ပတင်ပို့ရေး အော်ဒါအသစ်များပါ ယခုလတွင် ကျဆင်းလာခဲ့သည်။ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကာတနိုင်ငံများ အပါအဝင် အာရှစျေးကွက်များမှ ဝယ်လိုအား အားနည်းခဲ့ကြောင်း လုပ်ငန်းများက အစီရင်ခံခဲ့သည်။

အလုပ်သစ်များ စက်တင်ဘာတွင် တစ်ဟုန်ထိုး ကျဆင်းခဲ့ခြင်းနှင့်အတူ လက်ကျန် အလုပ်များပါ သုံးလအတွင်း အားအကောင်းဆုံးနှုန်းဖြင့် ကျဆင်းခဲ့ပြီး ၁၂ လအတွင်းထုတ်လုပ်မှု မျှော်မှန်းချက်မှာ ဧပြီမှစပြီး အားအနည်းဆုံးသို့ လျှောဆင်းသွားသည်။ စက်ရုံအများအပြားကို ပိတ်ခဲ့ရ၍ အလုပ်နေရာများ တစ်ဟုန်ထိုး နိမ့်ကျသွားခဲ့ပြီး သြဂုတ်တွင် ခုနစ်လအတွင်း ဝန်ထမ်းဦးရေ ပထမအကြိမ် တိုးလာမှုနောက်ပိုင်း ပြန်လည် ကျဆင်းသွားခြင်းဖြစ်သည်။ ကုမ္ပဏီ ၁၆ ရာခိုင်နှုန်းခန့်က လုပ်သားအင်အားကို လျှော့ချခဲ့ကြရာ ၂၀၂၀ ပြည့်နှစ် ဒုတိယ သုံးလပတ်မှလွဲ၍ စစ်တမ်း၏ မည်သည်ကာလထက်မဆို အများဆုံးဖြစ်ခဲ့သည်။

ထည့်သွင်းကုန်ဝယ်ယူရေး လုပ်ငန်းလည်း စက်တင်ဘာတွင် သိသာစွာလျော့နည်းခဲ့ပြီး ကုန်ချောလက်ကျန် စာရင်းများမှာလည်း လေးလအတွင်း အမြင့်ဆုံးအရှိန်ဖြင့် ကျဆင်းသွားခဲ့သည်။ ငွေကြေးတန်ဖိုးကျဆင်းမှု ဖိအားများမှာ စက်တင်ဘာတွင် ဆက်ရှိနေပြီး ထည့်သွင်းကုန်စျေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ရောင်းစျေးများကို စံချိန်တင်နှုန်းဖြင့် ဖြတ်တောက်ခဲ့ကြသည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် HIS Markit မှ စီးပွားရေး ညွှန်ကြားရေးမှူး Trevor Balchin က “အခုအခြေအနေက ဧပြီလကလို ပြင်းထန်မှုမရှိပေမဲ့ သြဂုတ်လနဲ့ ယှဉ်ရင်တော့ ထိုးကျသွားတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို HIS Markit က စက်မှုကုန်ထုတ် လုပ်ငန်းများထံမှ ကောက်ယူစုစည်း ရရှိသည့်စစ်တမ်း မူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

Most Read

Most Recent