COVID-19 ကြောင့် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား တာချီလိတ်-မယ်ဆိုင်နယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်တင်ယာဉ်ခြောက်စီးသာ အပြန်အလှန်ဝင်ထွက်ရန် ခွင့်ပြုမှုကို စက်တင်ဘာ ၃၀ ရက်မှစ၍ ပုံမှန်အတိုင်း ကန့်သတ်ချက်မရှိ ပြန်လည်ဆောင်ရွက်နိုင်ဟု ပြောကြား

COVID-19 ကြောင့် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား တာချီလိတ်-မယ်ဆိုင်နယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်တင်ယာဉ်ခြောက်စီးသာ အပြန်အလှန်ဝင်ထွက်ရန် ခွင့်ပြုမှုကို စက်တင်ဘာ ၃၀ ရက်မှစ၍ ပုံမှန်အတိုင်း ကန့်သတ်ချက်မရှိ ပြန်လည်ဆောင်ရွက်နိုင်ဟု ပြောကြား
တာချီလိတ်နယ်စပ် ဝင်ထွက်ပေါက် တစ်နေရာကို တွေ့ရစဉ်
တာချီလိတ်နယ်စပ် ဝင်ထွက်ပေါက် တစ်နေရာကို တွေ့ရစဉ်
Published 30 September 2020
ဇေယျာငြိမ်း

COVID-19 ကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား တာချီလိတ်-မယ်ဆိုင်နယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်တင်ယာဉ်ခြောက်စီးသာ အပြန်အလှန်ဝင်ထွက်ရန် ခွင့်ပြုထားမှုကို စက်တင်ဘာ ၃၀ ရက်မှစတင်ကာ ပုံမှန်အတိုင်း အစီးရေကန့်သတ်ချက်မရှိ ပြန်လည်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ကျိုင်းတုံ- တာချီလိတ် နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းဥက္ကဋ္ဌ ဦးစိုင်းစိုင်းက ပြောကြားသည်။

“ တာချီလိတ်-မယ်ဆိုင်ကုန်သွယ်မှုက စက်တင်ဘာ ၃၀ ရက် မနက် ၆ နာရီကနေ စပြီး ပုံမှန်ဖြစ်ပါပြီ။ ကုန်တင်ယာဉ်တွေကိုလည်း အကန့်အသတ်မရှိ သွားလာလို့ရပါပြီ” ဟု ကျိုင်းတုံ-တာချီလိတ်နယ်စပ် ကုန်သွယ်ရေး ကုန်သည်အသင်းဥက္ကဋ္ဌ ဦးစိုင်းစိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် ပုံမှန်အားဖြင့် တစ်ရက်လျှင် ကုန်တင်ကားကြီး၊ ကားသေး စုစုပေါင်း ၃၀၀ ခန့် ကုန်စည်ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

“ ပုံမှန်အားဖြင့် ကုန်စည်စီးဆင်းမှုမှာ ကားအစီးရေက အတိအကျပြောဖို့ ခက်တယ်။ ထိုင်းဘက်ကလာတဲ့ ကားအစီးရေက ကားအကြီးက အစီးပေါင်း ၁၀၀ ကျော်တယ်။ ပေါင်မုန့်ကားလေးတွေက အစီး ၂၀၀ ကျော်လောက်ရှိတယ်။ ကားသေးကားကြီးပေါင်းတော့ အစီးပေါင်း ၃၀၀ ကျော်ပေါ့။ ဒါက ပုံမှန်သွားတာ” ဟု ဦးစိုင်းစိုင်းက ပြောကြားသည်။

တာချီလိတ်-မယ်ဆိုင်နယ်စပ်မှတဆင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းတို့ကို အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း ကျိုင်းတုံ- တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းမှ သိရသည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်စည်ဖြတ်သန်းသယ်ယူ ပို့ဆောင်မှုကို ကန့်သတ်ထိန်းချုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၈ ရက်က နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးမှုများအရ အဓိကအချက် (၃) ချက်ကို သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသဘောတူညီချက်များမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်များအရ မြန်မာလိုင်စင်/ ထိုင်းလိုင်စင်ပါ မော်တော်ယာဉ်များဖြင့် ကုန်စည်များကူးသန်းရောင်းဝယ်မှုကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ရန်၊ တစ်နိုင်တစ်ပိုင် ကုန်စည်ပို့ဆောင်မည့် မြန်မာလိုင်စင်/ထိုင်းလိုင်စင်ပါ မှန်လုံမော်တော်ယာဉ်များကို စီးရေကန့်သတ်မှုမရှိဘဲ သယ်ယူပို့ဆောင်ကြရန်၊ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်၊ ကာကွယ်သည့်အနေဖြင့် နှစ်နိုင်ငံမော်တော်ယာဉ် ဖြတ်သန်းဝင်ရောက်လာပါက သတ်မှတ်နေရာ၌ ယာဉ်မောင်း လဲလှယ်မောင်းနှင်ဆောင်ရွက်ကြရန် စသည့် အချက် (၃) ချက်ကို သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း COVID-19 ရောဂါကူးစက်မှုအရေအတွက် များပြားလာမှုကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ တာချီလိတ်-မယ်ဆိုင် အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ထွက်သွားလာသည့် မြန်မာကုန်တင်ယာဉ်များကို စက်တင်ဘာ ၁၅ ရက်တွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာဘက်မှလည်း အဆိုပါကန့်သတ်မှုများကြောင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ရာ နှစ်နိုင်ငံအကြား ကုန်တင်ယာဉ်ခြောက်စီးသာ အပြန်အလှန် ဝင်ထွက်သွားလာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကန့်သတ်မှုကာလအတွင်း ကုန်တင်ယာဉ်မောင်းများကို လွယ်ကူစွာစိစစ်နိုင်ရန်အတွက် ယာဉ်မောင်းမည့်သူများအား ဝင်ခွင့်ကတ်များ ထုတ်ပေးထားမည့်အပြင် စည်းကမ်းချက်များချိုးဖောက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ထောင်ဒဏ်တစ်နှစ် (သို့မဟုတ်) ဒဏ်ငွေ ဘတ်တစ်သိန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent