မန္တလေးမြို့တွင် NLD ပါတီထောက်ခံသူများက ဆိုင်ကယ်များ၊ ကားများဖြင့် လှည့်လည်မဲဆွယ်မှုပြုလုပ်

မန္တလေးမြို့တွင် NLD ပါတီထောက်ခံသူများက ဆိုင်ကယ်များ၊ ကားများဖြင့် လှည့်လည်မဲဆွယ်မှုပြုလုပ်
Published 25 September 2020
မင်းသန့်

မန္တလေးမြို့တွင် NLD ပါတီ ထောက်ခံသူများက ဆိုင်ကယ်များ၊ ကားများဖြင့် စက်တင်ဘာ ၂၄ ရက်တွင် လှည့်လည်မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

NLD ပါတီတံဆိပ်ပါ အင်္ကျီများ ဝတ်ဆင်ထားပြီး ပါတီအလံများတပ်ဆင်ထားသည့် ရာနှင့်ချီသည့် ဆိုင်ကယ်များမှာ မန္တလေးမြို့တွင်း နေရာအနှံ့သို့ လှည့်လည်မောင်းနှင်ခဲ့ပြီး မော်တော်ယာဉ်များပေါ်မှလည်း ပါတီအောင်နိုင်ရေးသီချင်းများ ဖွင့်လှစ်ကာလှည့်လည်မှုများပြုလုပ်ခဲ့ည်။

အလားတူ မန္တလေးမြို့ရှိ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများကလည်း NLD ပါတီအား ထောက်ခံဝန်းရံသည့်အနေဖြင့် မြို့တွင်းလှည့်လည်အင်အားပြမှုကို မန္တလေးပြည်သူ့ဆေးရုံကြီးရှေ့မှစတင်ကာ NLD ပါတီတံဆိပ်ပါ အကျင်္ီများဝတ်ဆင်ပြီး ပါတီအလံများလွှင့်ထူ၍ လှည့်လည်မှု ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သုံးဘီးယာဉ်အုပ်စုသည်လည်း ရာနှင့်ချီရှိခဲ့ပြီး အဆိုပါလှည့်လည်သည့် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့် သုံးဘီးဆိုင်ကယ်များမှာ မြို့နယ်အလိုက် NLD ပါတီ အောင်နိုင်ရေးရုံးများသို့လည်း သွားရောက်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်နေချိန်တွင် လူစုလူဝေးဖြင့်လှည့်လည်ခဲ့မှုအပေါ် Facebook လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများရှိနေကြောင်း တွေရသည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါကူးစက်ခံရသူဦးရေ ၂၀၀ ဝန်းကျင်နှင့် နေ့စဉ်ကူးစက်ခံရသူများရှိနေမှုကြောင့် မန္တလေးမြို့ခံများအနေဖြင့် စိုးရိမ်မှု မြင့်တက်လျက်ရှိပြီး ယခုကဲ့သို့ လူစုလူဝေးဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု ထောက်ခံလှည့်လည်မှုများအပေါ် ဝေဖန်မှုများရှိနေသည်။

NLD ပါတီ၏စည်းရုံးမဲဆွယ်မှုလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်မှုမပြုလုပ်ပဲ ခေတ္တရပ်နားထားသည်ဟု ချမ်းမြသာစည်မြို့နယ် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်မိုးက ပြောကြားထားသည်။

ထို့ပြင် NLD ပါတီထောက်ခံသူများအနေဖြင့် လူစုလူဝေးဖြင့်အားပေးမှုမှာ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေနှင့်ငြိစွန်းနေ၍ ရှောင်ကျဉ်ကြရန် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က မေတ္တာရပ်ခံပြောကြားထားသည်။

ထို့အတူ NLD ပါတီ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကလည်း ပါတီအားပေး ထောက်ခံကြသူများအနေဖြင့် မိမိတို့၏နေအိမ်အတွင်း နေထိုင်၍ ဝန်းရံထောက်ခံကြရန်နှင့် ရွေးကောက်ပွဲနေ့သည် ပြည်သူများ အမှန်တကယ် ထောက်ခံအားပေးရမည့်အချိန်ဖြစ်ကြောင်း ပန်ကြားလွှာထုတ်ပြန်ထားသည်။

ယင်းသို့ ရာနှင့်ချီသော ပါတီအားပေးထောက်ခံသူများ၏ လူစုလူဝေးဖြင့် အင်အားပြလှည့်လည်မဲဆွယ်မှုမှာ NLD ပါတီဝင်များမပါဝင်ပဲ ဝန်းရံထောက်ခံသည့် ပြည်သူများသာ ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးနိုင်က စက်တင်ဘာ ၂၄ ရက်တွင် ဧရာဝတီသတင်းဌာနသို့ ဖြေကြားချက်အရသိရသည်။

Most Read

Most Recent