တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မြစ်ကြီးနားမြို့နယ်တွင် မဲဆွယ်စည်းရုံးမှုအဖြစ် စက်လှေအစင်း ၅၀ ကျော်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လှည့်လည်

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မြစ်ကြီးနားမြို့နယ်တွင် မဲဆွယ်စည်းရုံးမှုအဖြစ် စက်လှေအစင်း ၅၀ ကျော်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လှည့်လည်
စက်တင်ဘာ ၂၄ ရက်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေများဖြင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက လှည့်လည်နေစဉ်
စက်တင်ဘာ ၂၄ ရက်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေများဖြင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက လှည့်လည်နေစဉ်
Published 24 September 2020
ထွန်းလင်းအောင်

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မြစ်ကြီးနားမြို့နယ်တွင် မဲဆွယ်စည်းရုံးမှုအဖြစ် စက်လှေအစင်း ၅၀ ကျော်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်တင်ဘာ ၂၄ ရက်က လှည့်လည်မှု ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ COVID-19 ကပ်ရောဂါကာလ ဖြစ်သဖြင့် ရောဂါထိန်းချုပ်ရေးအတွက်ဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားအများစုသည် မြစ်ကြောင်းတစ်လျှောက်တွင် လုပ်ကိုင်စားသောက်နေထိုင်ကြသည့် တိုင်းရင်းသားအများစုဖြစ်ခြင်းကြောင့် စက်လှေများဖြင့် မဲဆွယ်စည်းရုံးကြခြင်းဖြစ်ကြောင်း ရှမ်းနီလူငယ်တာဝန်ခံ ကိုစိုင်းအောင်မျိုးက ပြောကြားသည်။

အဆိုပါစက်လှေဖြင့်လှည့်လည်မှုကို မြစ်ကြီးနားခတ်ချိုဆိပ်မှ မြစ်ကြီးနား ပြည်သူ့အားကစားကွင်း၊ မိုင်းနားကျေးရွာ၊ ခတ်ချိုကျေးရွာတွင် ရပ်နားခဲ့ပြီး ရိုးရာယဉ်ကျေးမှုအက၊ ရိုးရာသိုင်းအကဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

ရှမ်းနီလူငယ်တာဝန်ခံ ကိုစိုင်းအောင်မျိုးက “စက်လှေတွေကိုသုံးတာက ကျွန်တော်တို့တိုင်းရင်းသားတွေ အသုံးများလို့ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက အနိုင်အရှုံးထက်ကို ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေ နိုးကြားလာအောင် လုပ်ဆောင်နိုင်တာ အမြတ်ဖြစ်ပါတယ်။ နိုင်ငံကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့မရပါဘူး။ တိုင်းရင်းသားပါတီတွေ လွှတ်တော်မှာရောက်မှ ငြိမ်းချမ်းရေးတွေ၊ ဖက်ဒရယ်တွေ ရမယ်လို့ယူဆပါတယ်။ တစ်ဦးတစ်ယောက်ကောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းနိုင်မယ်ဆိုတာ လက်မခံပါဘူး” ဟု ပြောကြားသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁ ဦး၊ စစ်ကိုင်းတိုင်းတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၈၉၄၄၁ ဦးရှိပြီး ဗမာတိုင်းရင်းသား ၂၉ ဒသမ ၂ ရာခိုင်နှုန်း ၄၆၇၂၀၀ ဦး၊ ရှမ်းတိုင်းရင်းသား ၂၃ ဒသမ၆ ရာခိုင်နှုန်း ၃၇၇၆၀၀ ဦး၊ ဂျိန်းဖော ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း ၃၀၃၅၂၀ ဦး၊ လီဆူ ခုနစ်ရာခိုင် နှုန်း ၁၁၂၀၀၀ ဦး၊ ရဝမ် ၅ ဒသမ ၅ ရာခိုင်နှုန်း ၈၈၀၀၀ ဦး၊ လော်ဝေါ် ၃ ဒသမ ၅ ရာခိုင်နှုန်း ၅၃၂၈၀ ဦး၊ လာချိဒ် ၂ ဒသမ ၈၃ ရာခိုင်နှုန်း ၄၅၂၀၀ ဦး၊ ဇိုက်ဝါး ၁ဒသမ ၅၇ ရာခိုင်နှုန်း ၂၅၁၂၀ ဦးနှင့် ကျန််ရှစ်ရာခိုင်နှုန်း ၁၂၈၀၀၀ ဦးရှိကြောင်း သိရသည်။  

 

Most Read

Most Recent