COVID-19 ကာလအတွင်း နိုင်ငံရေးပါတီများက ပါတီအောင်နိုင်ရေးဆောင်ရွက်ရာတွင် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် အထူးစိုးရိမ်ကြောင်း မတ္တရာမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီအချို့ သဘောထားထုတ်ပြန်

COVID-19 ကာလအတွင်း နိုင်ငံရေးပါတီများက ပါတီအောင်နိုင်ရေးဆောင်ရွက်ရာတွင် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် အထူးစိုးရိမ်ကြောင်း မတ္တရာမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီအချို့ သဘောထားထုတ်ပြန်
Published 23 September 2020
ဌေးလှအောင်

COVID-19 ကပ်ရောဂါကာလအတွင်း နိုင်ငံရေးပါတီအသီးသီးက ပါတီအောင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ သက်ဆိုင်ရာမှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် ပြည်သူများ၏ ကျန်းမာရေးကိုထိခိုက်ပြီး ကူးစက်မှုလျှင်မြန်သော COVID-19 ရောဂါ ကူးစက်ပျံ့နှံ့သွားမည်ကို အထူးစိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်နေကြောင်း မတ္တရာမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများက စက်တင်ဘာ ၂၂ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါသဘောထားထုတ်ပြန်ချက်ကို မတ္တရာမြို့နယ်အတွင်းရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ(NUD)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က စုပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကို ကျွန်တော်တို့ရဲ့ မတ္တရာမြို့နယ်သူ မြို့သားတွေဆီကို မကူးစက်လာစေဖို့ဖြစ်ပါတယ်။ နောက်တစ်ချက်က လက်ရှိကာလက နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကာလလည်း ဖြစ်နေပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးကြတဲ့နေရာမှာ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒေသန္တအစိုးရအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ စတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ကြစေဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးတွေ လုပ်ဆောင်နေတဲ့နေရာမှာ အချို့သောပါတီကြီးတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကိုချိုးဖောက်ပြီးတော့ လုပ်ဆောင်နေတာတွေက တစ်နိုင်ငံလုံးမှာရော ကျွန်တော်တို့မြို့နယ်မှာရော တွေ့နေရတာဖြစ်တာကြောင့် ဥပဒေကို ချိုးဖောက်တာကြောင့် ပေါ်ပေါက်လာမှာထက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုဆိုးရွားလာမှာကို စိုးရိမ်တာကြောင့် သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်” ဟု မတ္တရာမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်ထွန်းက ပြောကြားသည်။

မတ္တရာမြို့နယ်အတွင်း အခြေစိုက်သည့် နိုင်ငံပါတီးများက သဘောထားထုတ်ပြန်ရာတွင် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီအသီးသီးမှ ၎င်းတို့၏ ပါတီအောင်နိုင်ရေးဆောင်ရွက်ကြရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကို အထူးလိုက်နာ၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိနေရသဖြင့် မိဘပြည်သူများ၏ ကျန်းမာရေးအားထိခိုက်ပြီး ကူးစက်မှုလျင်မြန်သော COVID-19 ရောဂါ ကူးစက်ပျံ့နှံ့သွားမည်ကို အထူးစိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးကို အလေးထား၍ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများမှ လုပ်ဆောင်ကြရန်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ ကျန်းမာရေး အပေါ် အထူးအလေးထား စိစစ်ကြပ်မတ်၍ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း သဘောထားထုတ်ပြန်ကြေညာထားသည်။

 

Most Read

Most Recent