ပုသိမ်မြို့ အထည်ချုပ်စက်ရုံ နှစ်ရုံမှ အလုပ်သမား သုံးဦး COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် စက်ရုံအလုပ်သမားများအား ကျေးရွာများက တားမြစ်မှုများကြောင့် အလုပ်မသွားရဲသည့် အလုပ်သမားများရှိနေ

ပုသိမ်မြို့ အထည်ချုပ်စက်ရုံ နှစ်ရုံမှ အလုပ်သမား သုံးဦး COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် စက်ရုံအလုပ်သမားများအား ကျေးရွာများက တားမြစ်မှုများကြောင့် အလုပ်မသွားရဲသည့် အလုပ်သမားများရှိနေ
Published 22 September 2020
မင်းသူဝင်းထွဋ်

ပုသိမ်မြို့ရှိ ဟီရှန်းအထည်ချုပ်စက်ရုံနှင့် ဒေါင်းလောင်းအထည်ချုပ်စက်ရုံတို့မှ အလုပ်သမား သုံးဦး COVID-19 ရောဂါ ကူးစက်ခံရသည်ဟု စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်  အထည်ချုပ်စက်ရုံမှ အလုပ်သမားများအား ကျေးရွာများက နေရပ်သို့ ပြန်လာခြင်းအား တားမြစ်မှုများရှိလာခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် အလုပ်မသွားရဲသည့် အလုပ်သမားများပါ ရှိနေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

ဟီရှန်းအထည်ချုပ်စက်ရုံတွင် ကိုးဆူကျေးရွာမှ အလုပ်ဆင်းနေသည့် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ကန်ကြီးထောင့်မြို့နယ် ကန့်ဗလာကျေးရွာမှ အလုပ်ဆင်းနေသည့် ၂၉ နှစ်အရွယ် အလုပ်သမားတစ်ဦးတို့ထံ တွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိရသောကြောင့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေကြောင်း၊ ထို့ပြင် ဒေါင်းလောင်း အထည်ချုပ်စက်ရုံ၌ ကန်ကြီးထောင့်မြို့နယ် ကန့်ဗလာကျေးရွာမှ အလုပ်ဆင်းနေသည့် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးထံတွင်လည်း ရောဂါကူးစက် ခံထားရသည်ကို တွေ့ရှိရသည်ဟု သတင်းများ အတည်ပြုချက် ထွက်ပေါ်ခဲ့ပြီးနောက် ကျေးရွာအသီးသီးမှ အထည်ချုပ်စက်ရုံများတွင် အလုပ်ဆင်းနေသည့် အလုပ်သမားများအား ကျေးရွာအတွင်း သွားလာနေထိုင်ခြင်းကို ကန့်ကွက်မှုများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“ညကတည်းက လာပြောကြတယ် အပြင်မထွက်ဖို့ဆိုပြီးတော့။ ညီမတို့လည်း ကြောက်နေတယ်။ မနက်အလုပ်သွားပြီးရင် ရွာကို ပြန်လာလို့မရမှာ ကြောက်နေရတယ်။ စက်ရုံကတော့ အခုထိ ဘာမှမပြောသေးဘူး။ မသွားရင်လဲ အလုပ်ဖြုတ်ခံရမှာ ကြောက်တယ်။ သွားရင်လဲ ပြန်လာလို့မရမှာကို ကြောက်တယ်” ဟု ဟီရှန်းအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ အလုပ်သမားတစ်ဦးက ဆိုသည်။

အထည်ချုပ် အလုပ်သမားများထံတွင် ရောဂါပိုးတွေ့ရှိရပြီးနောက် ယင်းအလုပ်သမားအချို့မှာ အတည်ပြုလူနာနှင့် အလုပ်သွား အလုပ်ပြန်အချိန်များတွင် တုတ်တုတ် (သုံးဘီးဆိုင်ကယ်) တစ်စီးတည်းတွင် အတူသွားလာခဲ့သူများဖြစ်ကြောင်း ယင်းမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ပုသိမ်ခရိုင် ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါ ကူးစက်ခံရသူ အတည်ပြုဦးရေမှာ ၁၁၆ ဦးအထိရှိလာပြီး ပုသိမ်မြို့နှင့် မအူပင်မြို့တို့တွင် အတည်ပြုလူနာ ၂၈ ဦးစီဖြင့် အများဆုံးဖြစ်နေပြီး ငပုတောမြို့နယ်၊ ရေကြည်မြို့နယ်၊ ဇလွန်မြို့နယ်၊ မြန်အောင်မြို့နယ်၊ ကျိုက်လတ်မြို့နယ်တို့တွင်မူ ရောဂါပိုးကူးစက်ခံရသူ မရှိသေးကြောင်း သိရသည်။

Most Read

Most Recent