COVID-19 ရောဂါကုသရေးအတွက် တပ်မတော်အသည်းရောဂါကုဆေးရုံကြီးတွင် ပြင်ဆင်ပေးထားပြီး လူ့အသက်ထက် အရေးကြီးသည့်အရာမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

COVID-19 ရောဂါကုသရေးအတွက် တပ်မတော်အသည်းရောဂါကုဆေးရုံကြီးတွင် ပြင်ဆင်ပေးထားပြီး လူ့အသက်ထက် အရေးကြီးသည့်အရာမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Published 16 September 2020

COVID-19 ရောဂါကုသရေးအတွက် တပ်မတော် အသည်းရောဂါကုဆေးရုံကြီးတွင် ပြင်ဆင်ဆောင်ရွက်ထားပြီး လူ့အသက်ထက် အရေးကြီးသည့်အရာမရှိသည့်အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်သမျှကို ကူညီဆောင်ရွက်ပေးနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး သြဂုတ်အစောပိုင်းအထိ ရောဂါကူးစက် ဖြစ်ပွားမှုနှုန်းများပြားခဲ့ခြင်း မရှိကြောင်း၊ သြဂုတ် ၃၁ ရက်အထိ ရောဂါပိုးကူးစက်ခံရသူ ၈၀၀ ကျော်ရှိခဲ့ရာမှ စက်တင်ဘာ ၁၄ ရက်တွင် ၃၀၀၀ ကျော်အထိ ရှိလာသဖြင့် နှစ်ပတ်အတွင်း လူဦးရေ ၂၀၀၀ ကျော် ကူးစက်ခဲ့ပြီး ကူးစက်မှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၌ ရောဂါစတင်ဖြစ်ပွားချိန်တွင် ထိုက်သင့်သော သတိပြုမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ကူးစက်မှုနှုန်း သိသာများပြားလာခြင်း မရှိသဖြင့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် သတိပြုမှု လျော့နည်းလာပြီး ပေါ့ဆစွာ သွားလာလှုပ်ရှားမှုများ ရှိနေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

အဆိုပါအချိန်တွင် အိမ်နီးချင်းနိုင်ငံအချို့၌ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ အလွန်မြင့်တက်လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ သြဂုတ်လနောက်ဆုံးအပတ်တွင် ရခိုင်ပြည်နယ်၌ ရောဂါဖြစ်ပွားမှုနှုန်း ရုတ်တရက် မြင့်တက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီအထိ COVID-19 ရောဂါ အတည်ပြုလူနာ ၃၂၉၉ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၇၉၀ နှင့် သေဆုံးသူ ၃၂ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈၄၇ ဦးဖြင့် အများဆုံးကူးစက်ခံရပြီး ရခိုင်ပြည်နယ်တွင် ၇၄၀ ဖြင့် ဒုတိယအများဆုံး ကူးစက်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊ တပ်မတော်အနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ပြောကြားသည်။

COVID-19 ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နေပြီဟုဆိုသော်လည်း  ၂၀၁၉ ခုနှစ်တွင်စတင် ဖြစ်ပေါ်ခဲ့သည့် ရောဂါပိုး ဗီဇနှင့် ယခုဖြစ်ပေါ်နေသည့် ရောဂါပိုးမျိုးရိုးဗီဇတို့ တူညီနိုင်ခြင်းမရှိဟုသိရှိရ၍ ကာကွယ်ကုသဆေးနှင့် ပတ်သက်၍ တိတိကျကျ အာမခံနိုင်မှုမရှိသေးကြောင်း၊ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် အခြေခံအကျဆုံးမှာ စည်းကမ်းလိုက်နာမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဖြစ်ကြောင်း၊ ထို့ကြောင့် လူတိုင်းသည် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ရမည်ဖြစ်ကြောင်း၊ အလင်းရောင်နှင့် လေကောင်းလေသန့်ရရှိအောင် နေထိုင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ကုသရေးပိုင်းနှင့်ပတ်သက်၍ တပ်မတော်တွင် ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူဖြည့်တင်းခဲ့မှုများရှိကြောင်း၊ တပ်မတော်အတွင်း HIV ရောဂါပိုး၊ အသည်းရောင်အသားဝါဘီပိုးနှင့် စီပိုး စသည့်ရောဂါပိုးများကို စမ်းသပ်စစ်ဆေးရာတွင် အသုံးပြုသည့် COBAS 6800 စက်များသည် COVID-19 ရောဂါပိုးအား စစ်ဆေးဖော်ထုတ်ပေးနိုင်ကြောင်း သိရှိရသဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် အသိပေးကြေညာခဲ့ရာတွင်လည်း တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများရှိခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၄ ရက် ညတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်ဖြင့် ဆောင်ရွက်စေရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆင်ရေး၊ ကာကွယ်ရေးနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများကို မထိခိုက်စေဘဲ ရောဂါဖြစ်ပွားမှုသည် အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ချက်ချင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်အပေါ် မည်သို့ပင် သဘောထားမှုများရှိစေကာမူ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ လိုအပ်သည့်အကူအညီများကို အောက်ခြေတပ်မှူးများအား လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်မှုအနေဖြင့် ၃၂၉၉ ဦးရှိပြီဖြစ်ပြီး လက်ရှိကူးစက်ဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လက်ရှိဖြစ်ပွားနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားနေပါက စက်တင်ဘာလကုန်တွင် ရောဂါကူးစက်ခံရသူ ၁၆၁၅၁ ဦးခန့်နှင့် တပ်မတော်အတွင်း၌ ၂၄၀ ဦးခန့်အထိ ရှိလာနိုင်သည်ကို သုံးသပ်တွေ့ရှိရသည့်အခြေအနေများကို အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း စက်တင်ဘာ ၁၅ ရက် တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု ပထမလှိုင်းဟု ပြောဆိုနိုင်သည့် မတ် ၂၃ ရက်မှ သြဂုတ် ၁၆ ရက်အထိ ငါးလခန့်ကာလအတွင်း ကူးစက်ခံရမှု ၃၇၅ ဦးသာရှိပြီး ဒုတိယလှိုင်းကူးစက်မှုဟု သတ်မှတ်နိုင်သည့် သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ တစ်လခန့်ကာလအတွင်း ၂၉၂၄ ဦးရှိသဖြင့် တစ်ရက်ပျမ်းမျှကူးစက်ခံရသူ ၉၇ ဦးနှုန်း ခန့်မြင့်တက်လာသည်ကို တွေ့ရှိရသည့် အဖြေအနေများ၊ ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျပြီး ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုများပြားလာသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမသွားစေရန် အထူးသတိပြုရန် လိုအပ်သည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent