ယခုဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေ ကျပ် ၆၄၀၃ ဘီလျံကျော်ဖြစ်သော်လည်း လိုငွေအပေါ် ကျပ်ဘီလျံ ၅၄၀၀ သာ ဖြည့်ဆည်းခွင့်ရှိပြီး အစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တို့မှ ဖြည့်ဆည်းမည်

ယခုဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေ ကျပ် ၆၄၀၃ ဘီလျံကျော်ဖြစ်သော်လည်း လိုငွေအပေါ် ကျပ်ဘီလျံ ၅၄၀၀ သာ ဖြည့်ဆည်းခွင့်ရှိပြီး အစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တို့မှ ဖြည့်ဆည်းမည်
Published 26 December 2017

ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ရငွေဖြင့် သင်္ဃန်းကျွန်းမြို့နယ်တွင် လမ်းခင်းခြင်းလုပ်ငန်း လုပ်ဆောင်နေမှုကို တွေ့ရစဉ်

၂၀၁၇-၂၁၀၈ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေအဖြစ်ပြုပြင်ပြီး ခန့်မှန်းခြေနှင့် ဖြည့်စွက်ခွင့်ပြုငွေပေါင်း ကျပ် ၆၄၀၃ ဘီလျံကျော်အထိ ဖြစ်ပေါ်နေသော်လည်း လိုငွေကို ကျပ်ဘီလျံ ၅၄၀၀ သာဖြည့်ဆည်းခွင့်ရှိပြီး အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်မှ ရာနှုန်းပြည့် ဖြည့်ဆည်းရန်နှင့် ပြည်ပချေးငွေများမှ ဖြည့်ဆည်းသွားရန်လည်း မျှော်မှန်းထားကြောင်း ယခုဘဏ္ဍာနှစ် နှစ်လယ်သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

ဘတ်ဂျက်လိုငွေအတွက် ငွေချေးယူရန်လျာထားမှုတွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ကျပ် ဘီလျံ ၅၄၀၀ အထိချေးယူနိုင်ရန် ပြဋ္ဌာန်းထားသော်လည်း လက်ရှိဘဏ္ဍာနှစ်လိုငွေမှာပြုပြင်ပြီး ခန့်မှန်းခြေတွင် ကျပ် ၃၉၂၉ ဘီလျံနှင့် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂၄၇၄ ဒသမ ၁၀၆ ဘီလျံဖြစ်ပေါ်နေသည်။ ထိုသို့ ယခုဘဏ္ဍာနှစ် ကနဦးလိုငွေ ကျပ် ၆၄၀၃ ဘီလျံကျော်ဖြစ်ပေါ်နေသော်လည်း ချေးယူနိုင်ရန် ခွင့်ပြုမှုမှာ ကျပ်ဘီလျံ ၅၄၀၀ သာရှိနေကာ အဆိုပါချေးယူနိုင်မည့်ပမာဏကို ပြည်ပမှချေးငွေထုတ်ယူသုံးစွဲခြင်း၊ ကျန်ရှိသည့်ပမာဏကို အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းမှ ရာခိုင်နှုန်း ၄၀၊ အစိုးရငွေတိုက်လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းမှ ရာခိုင်နှုန်း ၃၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ်များ ရောင်းချခြင်းမှ ရာခိုင်နှုန်း ၃၀ တို့ဖြင့် ဖြည့်ဆည်းနိုင်ရန်လျာထားကြောင်း သိရသည်။

လက်ရှိအစိုးရလက်ထက် အာဏာလွှဲပြောင်းရယူစ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပထမခြောက်လပတ် ရငွေသုံးငွေသည် ယခင်အစိုးရလက်ထက် ပထမခြောက်လပတ်ထက် လျော့နည်းခဲ့သည်။ ထိုသို့လျော့နည်းရခြင်းမှာ အစိုးရသစ်ပထမနှစ်ဖြစ်ခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်း ပြန်လည်ရေးဆွဲခဲ့ခြင်းကြောင့်ဖြစ်ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာမူ အစိုးရသစ်က ဘဏ္ဍာရေးနှစ်စမှပင် အကောင်အထည်ဖော်နေသဖြင့် ယခင်အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက်ရငွေ၊ သုံးငွေအပိုင်းကို သာလွန်အောင် စွမ်းဆောင်သင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ်ရငွေ ကျပ် ၆၅၂၄ ဘီလျံကျော်ထက် ကျပ်ဘီလျံ ၃၀၀ ကျော် သာလွန်ရရှိထားအောင် စွမ်းဆောင်ထားနိုင်သော်လည်း သုံးငွေအပိုင်းတွင်မူ ပထမခြောက်လပတ်၏ ၈၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် တစ်နှစ်လုံးရည်မှန်းချက်၏ ၃၇ ဒသမ ၃၈ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် အထူးသဖြင့် ငွေလုံးငွေရင်းသုံးငွေကို ၁၉ ရာခိုင်နှုန်းသာသုံးစွဲနိုင်ခဲ့ခြင်းမှာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဘတ်ဂျက်လျာထားချက်အတိုင်းသုံးစွဲရန် ပုံမှန်ဆောင်ရွက်နိုင်သည့် ဝယ်ယူရေးလုပ်ငန်းများကိုပင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

လက်ရှိအစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေများ စံချိန်တင်မြင့်မားနေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းလိုငွေကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၁၂၃၆ ဘီလျံချေးယူရန် လျာထားခဲ့သော်လည်း ကျပ် ၅၅၃ ဒသမ ၅၃၄ ဘီလျံကျော်လွန် ချေးယူခဲ့သည်။

Most Read

Most Recent