အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရန်အတွက် “၀” အဖွဲ့က ပန်ဆန်းတွင်ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ ၁၀၀ ကျော် တက်ရောက်နေ

အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရန်အတွက် “၀” အဖွဲ့က ပန်ဆန်းတွင်ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ ၁၀၀ ကျော် တက်ရောက်နေ
UWSP ဌာနချုပ် ပန်ဆန်းမြို့တွင် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နှစ် ၃၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပစဉ်
UWSP ဌာနချုပ် ပန်ဆန်းမြို့တွင် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နှစ် ၃၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပစဉ်
Published 15 September 2020

တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရန်အတွက် “၀” အဖွဲ့ (UWSA) က ၎င်းတို့ ဌာနချုပ်တည်ရှိရာ “၀”  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပန်ဆန်းတွင် ပထမဆုံး ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ ၁၀၀ ကျော် တက်ရောက်နေကြောင်း UWSA လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် UWSA ၏ ဗိုလ်လောင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ UWSA ဥက္ကဋ္ဌ ပေါက်ယူ ချန်းနှင့်အတူ နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်း ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ဦးညီရန်းက ပြောကြားသည်။

“ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ကျွန်တော်တို့ “၀”တပ်ဖွဲ့မှာလည်း လိုအပ်လာတဲ့ လူသားအရင်းအမြစ်ပေါ့နော်။ ကျွန်တော်တို့ ဒီအဆင့်မြင့်တဲ့ ပညာရပ်တွေ သင်ကြားနိုင်ဖို့ ကျွန်တော်တို့လည်း လိုအပ်နေတယ်” ဟု ဦးညီရန်းက ပြောကြားသည်။

ထို့ပြင် UWSA ၏ ဗိုလ်လောင်းသင်တန်းသည် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်းလည်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် UWSA ၏ ဗိုလ်လောင်းသင်တန်းကျောင်းသို့ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ လာရောက်တက်ရောက်ရန် မရှိသေးကြောင်း၊ သင်တန်းကာလ လေးနှစ်ဖြစ်ကြောင်းနှင့် UWSA အတွက်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ကျွန်တော်တို့ ဖွင့်လှစ်ခဲ့တဲ့အကြောင်းကတော့ နိုင်ငံရေးနဲ့ စစ်ရေးအရာရှိတွေ လမ်းကြောင်းပေါ့။ ကျွန်တော်တို့ တပ်ဖွဲ့အတွက်ပါပဲ။ ကျွန်တော်တို့ ဖွင့်လှစ်လိုက်တဲ့ ဒီဗိုလ်သင်တန်းကျောင်းကတော့ ကျွန်တော်တို့ အဖွဲ့အစည်းအတွက်ပါပဲ” ဟု ဦးညီရန်းက ပြောကြားသည်။

UWSA သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါအဖွဲ့သည် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာခြင်းမရှိသေးပေ။

“ NCA နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ “၀” အဖွဲ့ ဗဟိုဌာနချုပ်ကလည်း အကြိမ်ကြိမ် ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပြီးသားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ NCA နဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်ကန့်ကွက်တဲ့ သဘောတော့ မရှိဘူး” ဟု ဦးညီရန်းက ပြောကြားသည်။

UWSA ဦးဆောင်၍ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီဟူသော ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး အဆိုပါကော်မတီတွင် UWSA ၊ KIA ၊ NDAA ၊ SSPP ၊ TNLA ၊ MNDAA နှင့် AA တို့ ပါဝင်နေပြီး အဆိုပါအဖွဲ့အစည်းများသည် NCA စာချုပ် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည်။

Most Read

Most Recent