ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုမရှိဘဲ ဖြတ်သန်းနေရကြောင်းနှင့် လက်ရှိအနေအထားအရ ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အောင်မြင်စွာ မဆောင်ရွက်နိုင်ဟု ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုမရှိဘဲ ဖြတ်သန်းနေရကြောင်းနှင့် လက်ရှိအနေအထားအရ ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အောင်မြင်စွာ မဆောင်ရွက်နိုင်ဟု ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 12 September 2020
သန်းလှိုင်

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုမရှိသည့် အနေအထားကို ဖြတ်သန်းနေရကြောင်းနှင့် လက်ရှိအနေအထားအရ ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အောင်အောင်မြင်မြင် မဆောင်ရွက်နိုင်ကြောင်း ANP ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

မဲဆွယ်စည်းရုံးရေးကာလစတင်နေပြီ ဖြစ်သော်လည်း လက်ရှိတွင် COVID-19 ရောဂါနှင့် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းရပ်များသည် မလုပ်ဆောင်နိုင်ကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံးသည် COVID-19 ကြောင့် Lockdown ချသည့် ဧရိယာတွင်ပါသွားသဖြင့် မဲဆွယ်စည်းရုံးရေး ကန့်သတ်ချက်များအတိုင်းပင် လုပ်ဆောင်၍ မရတော့ကြောင်း၊ ဒေါ်အေးနုစိန်က ပြောကြားသည်။

“ မထွက်ရဘူး၊ မတွေ့ရဘူး၊ မစုရဘူး ဆိုကတည်းက ဘာနဲ့ မဲဆွယ်တယ်ဆိုတဲ့လုပ်ငန်းကို လုပ်မလဲ။ အင်တာနက်က ဆွယ်ပါလားဆိုရင် ကျွန်မတို့ဆီမှာ ဘယ်မှာလဲ အင်တာနက်၊ 2G နဲ့ ဘာလုပ်လို့ရမလဲ၊ အင်တာနက်ရပါပြီတဲ့ လူတိုင်း တစ်ချိန်လုံးအင်တာနက်သုံးနိုင်တဲ့ အနေအထားရှိလား” ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ၁၇ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် ၃၄ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် ၁၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာတိုင်းဒေသကြီးတို့၌ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ တရားမျှတမှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကို ပြောကြပြီဆိုရင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးတဲ့ နယ်မြေတွေ ရှိတယ်။ လုံးဝကို မတို့မထိနိုင်တဲ့နေရာတွေရှိတယ်။ ဒီထဲမှာ ကျွန်မတို့ ရခိုင်ပြည်နယ်ပါသွားတယ်ဆိုတော့ တခြားတိုင်းရင်းသားနယ်မြေတွေကို ခြွင်းချက်အဖြစ်ထားရင်တောင်မှ ရခိုင်တိုင်းရင်းသားလို့ပြောတဲ့ ရခိုင်ပြည်နယ်ထဲမှာ လုံးဝလွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုမရှိတဲ့အနေအထားတစ်ရပ်ကို ကျွန်မတို့ ဖြတ်သန်းနေကြရတယ်ဆိုတာတော့ လက်တွေ့ပကတိအရှိတရားပဲဖြစ်တယ်။ ရွေးကောက်ပွဲအနေအထားဟာ ဘယ်လိုအနေအထားမှာ ရွှေ့ဆိုင်းခွင့်ရှိသလဲဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို တန်းတူရည်တူမဖြတ်သန်းနိုင်ဘူးလို့ ပက်ပင်းကြုံနေရတဲ့ အဆင့်မှာတော့ အောက်တိုဘာလောက်မှာ ရွေးကောက်ပွဲ ဖြစ် မဖြစ်ကို ကြေညာပေးမယ်ဆိုပေမယ့် တစ်လတာ ရုန်းကန်ရမယ့်အနေအထား၊ တစ်ဖက်က တစ်လတာ ဘာတစ်ခုမှ အလုပ်မဖြစ်တဲ့အနေအထားအပေါ်မှာ ကပ်ပြီးတော့မှ ရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုရင် ကျွန်မတို့ပါတီက ရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေ ပါတီကို ထောက်ခံကူညီကြမယ့် မဲဆန္ဒရှင် ပြည်သူတွေ စသဖြင့် ဒါတွေရဲ့ဒုက္ခတွေဟာ အမြောက်အများရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အတိုင်းအတာတစ်ခု ဆုံးဖြတ်ချက်ယူပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲဆိုင်ရာ ရွှေ့ဆိုင်းဖို့ကိစ္စတွေကို ကျွန်မတို့ ဝန်းဝိုင်းဆွေးနွေးနေကြတဲ့ အနေအထားတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီအနေအထားမှာ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ အောင်အောင်မြင်မြင် မဆောင်ရွက်နိုင်ဘူးဆိုတာကတော့ သေချာသလောက် ဖြစ်နေပါတယ်” ဟုလည်း ဒေါ်အေးနုစိန်က ပြောကြားသည်။

ထို့ပြင် တခြားတိုင်းရင်းသားနယ်မြေများအနေဖြင့် ခြွင်းချက်ဆိုသော်လည်း ၎င်းတို့အနေဖြင့် အထူးခြွင်းချက်အရ တားမြစ်၊ ပိတ်ပင်၊ ကန့်သတ်၊ ပိတ်ဆို့နေသည့်အနေအထားရှိကြောင်း၊ ကြံဆဟုဆိုရာတွင်လည်း မည်သို့ကြံဆရမည်ကို မသိကြောင်း၊ တစ်ပါတီတည်း ရွေးကောက်ပွဲဝင်ကြခြင်းမဟုတ်ကြောင်း၊ ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများလည်း ပါဝင်ကြောင်း၊ ယင်းအတွက် ဥပဒေအမျိုးမျိုးဖြင့် အကန့်အသတ်ကြားထဲတွင် လုပ်ဆောင်ရခက်ခဲကြောင်း ၎င်းက ဆိုသည်။

“ ဘာမှမလုပ်နိုင်တဲ့သူတွေကို အတူတူပြိုင်ပါဆိုရင် ယုန်နဲ့ လိပ်အပြေးပြိုင်ခိုင်းကြတဲ့ ပုံပြင်ထက်ကို ကျွန်မတို့ ဆိုးသွားလိမ့်မယ်။ ဒီအနေအထားတွေကြောင့် ကျွန်မတို့ ဟာ တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကို ဥပဒေနဲ့အညီ၊ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကျင်းပနိုင်မယ့်၊ ဖြတ်သန်းနိုင်မယ့် အနေအထားအတွက်တော့ ကျွန်မတို့ သက်ဆိုင်ရာကိုတင်ပြဖို့ဆို တဲ့အစီအစဉ်ကိုတော့ ဆောင်ရွက်နေပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။

Most Read

Most Recent