NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် တပ်မတော်၏ သဘောထား ပြောင်းလဲမည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် တပ်မတော်၏ သဘောထား ပြောင်းလဲမည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 5 September 2020

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် တပ်မတော်၏ သဘောထားသည် ပြောင်းလဲမည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် စက်တင်ဘာ ၄ ရက်က တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

KNU/ KNLA (PC) အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် KNU/ KNLA (PC) အဖွဲ့၏ ငြိမ်းချမ်းရေးလိုလားမှုကို တပ်မတော်က အပြည့်အဝ ယုံကြည်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် NCA စာချုပ်အတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအပေါ်တွင် ထားရှိသည့် တပ်မတော်၏ သဘောထားသည် ပြောင်းလဲမည် မဟုတ်ကြောင်းနှင့် ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် KNU/ KNLA (PC) အဖွဲ့အနေဖြင့် စံနမူနာပြအဖြစ်ဖြင့် ဆောင်ရွက်စေလိုကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

KNU/ KNLA (PC) အနေဖြင့် တပ်မတော်နှင့် လက်တွဲပြီး တစ်ဖက်နှင့် တစ်ဖက် နားလည်မှုရှိစွာဖြင့် ညှိနှိုင်းတိုင်ပင်၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ KNU/ KNLA (PC) အဖွဲ့တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှ သွေဖည်သွားမည် မဟုတ်ကြောင်း KNU/ KNLA (PC) ဥက္ကဋ္ဌ စောထော့လေးနှင့် အဖွဲ့က အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကြံပေးတိုက်တွန်းချက်နှင့်အညီ KNU/ KNLA (PC) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စံပြဖြစ်စေရေး ဆွေးနွေးတိုင်ပင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းရန်မှာ KNU/ KNLA (PC) အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ KNU/ KNLA (PC) အနေဖြင့် NCA လမ်းကြောင်းမှတစ်ဆင့် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်သည်အထိ တပ်မတော်နှင့် လက်တွဲပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း KNU/ KNLA (PC) အဖွဲ့ဘက်က ပြောကြားခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် KNU/ KNLA (PC) အဖွဲ့ဘက်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားအရေးနှင့် ပတ်သက်လာပါက မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ရှိသည့်အတွက် မည်သူ့ကိုမျှ ချန်လှပ်မထားရေး၊ အားလုံးပါဝင်နိုင်မည့် အခြေအနေဖြစ်စေရေးနှင့် အားလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးရန် လိုအပ်သကဲ့သို့ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကိုလည်း မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်လည်း မိမိဒေသနှင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တပ်မတော်က ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent