ရခိုင်ပြည်နယ်၏ ပြဿနာဇာစ်မြစ်သည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ရခိုင်ပြည်နယ်၏ ပြဿနာဇာစ်မြစ်သည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 25 August 2020
အောင်မင်းသိန်း

ရခိုင်ပြည်နယ်တွင် ခေတ်အဆက်ဆက်မှ လက်ရှိအချိန်အထိ ကြုံတွေ့နေရသည့် ပြဿနာ၏ ဇာစ်မြစ်သည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကို ပေါ့လျော့စွာ ဆောင်ရွက်ခြင်း၊ ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းများကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

သြဂုတ် ၂၅ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ဆွေးနွေးရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကော်မတီအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်များမှာ ယခုထက်ပိုပြီး အလေးပေးဆောင်ရွက်သွားရန် လိုအပ်နေကြောင်း ထောက်ပြလိုပါတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက်ကနေ ယနေ့အချိန်အထိ ကြုံတွေ့နေရတဲ့ ပြဿနာ၏ဇာစ်မြစ်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စများတွေကို ပေါ့လျော့စွာဆောင်ရွက်ခြင်း၊ ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ကြောင့်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်” ဟု ဒေါ်ထုမေက ပြောကြားသည်။

၂၀၁၈ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ကမန်တိုင်းရင်းသားမဟုတ်သူ ၃၃၀၀ ကျော်ကို ကမန်တိုင်းရင်းသားအမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မမှန်မကန်ထုတ်ပေးခဲ့သည်ဟု ဒေသခံများ၊ ရခိုင်နှင့် ကမန်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များအပါအဝင် မီဒီယာများက အခိုင်အမာဖော်ထုတ်ပြောကြားခဲ့ကြကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

ဒေါ်ထုမေက “နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ကိုလည်း ကမန်တိုင်းရင်းသားတွေက တိုင်တန်းခဲ့ကြောင်း သိရှိရပါတယ်။ ဝန်ကြီးဌာနက ကမန်တိုင်းရင်းသားအမည်နဲ့ ၃၃၀၆ ဦးကို နိုင်ငံသားပြုခဲ့ရာမှာ ၂၁ ဦးသာ မှားယွင်းမှုရှိခဲ့တယ်လို့ ပြောကြားချက်အရ ဒေသခံတွေက ယုံကြည်နိုင်စရာ မရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မလည်း လွှတ်တော်မှာတင်ပြဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်အနေနဲ့ရော လွှတ်တော်ကော်မတီအနေနဲ့ပါ လုံးဝလျစ်လျူရှုထားခဲ့ပါတယ်” ဟု ပြောကြားသည်။

၂၀၁၂ ခုနှစ်ကတည်းက ကမန်တိုင်းရင်းသားခေါင်းဆောင်များ၏ အဆိုအရ ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ကမန်တိုင်းရင်းသားအရေအတွက်သည် ငါးသောင်းဝန်းကျင်ခန့်သာရှိသော်လည်း ကမန်တိုင်းရင်းသား အမည်ခံ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားရယူထားသည့် အရေအတွက်သည် လူဦးရေ နှစ်သိန်းကျော်ရှိသည်ဟု သိရကြောင်း ဒေါ်ထုမေက ပြောကြားသည်။

“ ယနေ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းဟာ အမှိုက်ကစ ပြာဿဒ်မီးလောင်ဆိုသလိုပဲ နိုင်ငံသား မှတ်ပုံတင် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်တွေကို အဂတိလိုက်စားပြီး ထုတ်ပေးခဲ့တာနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

Most Read

Most Recent