မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလတွင် စိန်ခေါ်မှု များပြားခြင်းကြောင့် နိုင်ငံပိုင်မီဒီယာအနေဖြင့် အတိုင်းအတာနှင့် တည်ရှိသင့်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး မှတ်ချက်ပြု

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလတွင် စိန်ခေါ်မှု များပြားခြင်းကြောင့် နိုင်ငံပိုင်မီဒီယာအနေဖြင့် အတိုင်းအတာနှင့် တည်ရှိသင့်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး မှတ်ချက်ပြု
Published 25 August 2020
အောင်မင်းသိန်း

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလတွင် စိန်ခေါ်မှုများပြားခြင်းကြောင့် နိုင်ငံပိုင်မီဒီယာအနေဖြင့် အတိုင်းအတာနှင့် တည်ရှိသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

သြဂုတ် ၂၅ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်၏ ယနေ့အချိန်တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော ပုံနှိပ်မီဒီယာများ စျေးကွက်တွင် အရှုံးပေါ်ကာ ဆက်လက်ထုတ်ဝေရန် မတတ်နိုင်တော့ဘဲ တစ်စောင်ပြီး တစ်စောင် ပိတ်သိမ်းရပ်စဲနေကြရပါသဖြင့် ပုံနှိပ်မီဒီယာလောက ပြန်လည်ထူမတ်လာစေရန်အတွက် မည်သို့ ကူညီပံ့ပိုးဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကိုယ်စားလှယ်ကြီး တင်ပြသွားခဲ့တဲ့ အစိုးရမီဒီယာများ မရှိအပ်ဘူးဆိုတဲ့ကိစ္စကို အနည်းငယ် ရှင်းလင်းခွင့်ပြုစေလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အင်မတန် နုနယ်ပါသေးတယ်။ ကျွန်တော်တို့ဟာ မူလက ဒီမိုကရေစီရော၊ မီဒီယာလွတ်လပ်ခွင့်ရော ခိုင်မာခဲ့ပေမဲ့ ၁၉၆၂ ခုနှစ်ကစပြီး ဒီမိုကရေစီနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် နှစ်ခုစလုံးဟာ ဆိတ်သုန်းခဲ့ပါတယ်။ ကျွန်တော်တို့ အခုတစ်ကျော့ပြန် ဒီမိုကရေစီက ၁၀ နှစ်သာ သာလောက်ပဲ ရှိပါတယ်။ မီဒီယာလုပ်ငန်းကလည်း ခုနစ်နှစ်သားလောက်ပဲ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ စိန်ခေါ်မှုတွေဟာ အင်မတန်များပြားပါတယ်။ အဲဒါကြောင့် နိုင်ငံပိုင်မီဒီယာဟာ တစ်စုံတစ်ရာသော အတိုင်းအတာနဲ့ တည်ရှိသင့်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

မြန်မာအကြောင်းကို ကမ္ဘာကိုတင်ပြရန်အတွက် လက်ရှိတွင် ပုဂ္ဂလိကမီဒီယာများကလည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ပုဂ္ဂလိကမီဒီယာကို ပြုစုပျိုးထောင်ရန်လိုပြီး ပုဂ္ဂလိကမီဒီယာ ခိုင်မာရင့်သန်သည့်အချိန်တွင် နိုင်ငံပိုင်မီဒီယာသည် တဖြည်းဖြည်း နောက်ဆုတ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “ကျွန်တော် တစ်ခုတင်ပြလိုပါတယ်။ ကိုယ်စားလှယ်ကြီးက ပြောသွားပါတယ်။ တချို့နိုင်ငံတွေမှာ နိုင်ငံပိုင်မီဒီယာမရှိဘူးဆိုတာ။ အဲဒါဟာ သေချာသုံးသပ်ကြည့်ရင် အပြည့်အဝ မမှန်ကန်ဘူးလို့ ယူဆပါတယ်။ နိုင်ငံပိုင်မီဒီယာဟာ ပုံစံတစ်စုံတစ်ရာနဲ့ ရှိကြပါတယ်။ အင်မတန် ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း ရှိပါတယ်။ သို့သော် ပုံစံတစ်စုံတစ်ရာနဲ့ ရှိပါတယ်။ အသွင်အမျိုးမျိုးနဲ့ ရှိပါတယ်။ အနည်းဆုံးတော့ Public Service Media လို့ခေါ်တဲ့ နိုင်ငံတော်က ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးပါတယ်။ သို့သော် မီဒီယာရဲ့ မူဝါဒကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပါဘူး။ အဲဒါလေးကို ဗဟုသုတအဖြစ် တင်ပြလိုပါတယ်။ နိုင်ငံပိုင် မီဒီယာဟာလည်း ဒီအသွင်ကူးပြောင်းရေးကာလမှာ တစ်စုံတစ်ရာအထိ လိုအပ်သေးတယ်ဆိုတာကို တင်ပြလိုပါတယ်” ဟု ပြောကြားသည်။

စက္ကူအသုံးပြု ပုံနှိပ်သတင်းစာလုပ်ငန်း ကျဆင်းလာရခြင်းနှင့်ပတ်သက်၍ ပုံနှိပ်သတင်းစာများအတွက် အဓိကဝင်ငွေသည် သတင်းစာများရောင်းချခြင်းနှင့် သတင်းစာတွင် ဖော်ပြသည့် ကြော်ငြာများမှရရှိခြင်း ဖြစ်သော်လည်း ပြည်သူအများစုသည် သတင်းအချက်အလက်များ ရှာဖွေဖတ်ရှုခြင်းကို ပုံနှိပ်မီဒီယာများထက် အွန်လိုင်းမီဒီယာများတွင် ပိုမိုပြုလုပ်လာကြသဖြင့် သတင်းစာရောင်းချရမှုများ ဝင်ငွေများကျဆင်းခဲ့ရခြင်း၊ စီးပွားရေးကြော်ငြာအများစုသည်လည်း ကုန်ကျစရိတ်သက်သာသည့်အပြင် စည်းကမ်းတင်းကျပ်မှုလျော့နည်း၍ သုံးစွဲသူ လျင်မြန်စွာတိုးပွားလာနေသော အွန်လိုင်းမီဒီယာများသို့ ပြောင်းရွှေ့သွားသည့်အတွက် ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများလည်း များစွာကျဆင်းလာရကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ အကျိုးဆက်အနေဖြင့် ကိုယ်စားလှယ်ကြီးတင်ပြသွားသလို ပုံနှိပ်သတင်းစာများ စီးပွားရေးအရ မရပ်တည်နိုင်ကြတော့ဘဲနဲ့ တစ်စောင်ပြီး တစ်စောင် ပိတ်သိမ်း ရပ်တန့်သွားခဲ့ကြခြင်း ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေလျက်ရှိတဲ့ နိုင်ငံပိုင်သတင်းစာများဟာလည်း ဒီစိန်ခေါ်မှုကြီးကြောင့် ဝင်ငွေများစွာ ကျဆင်းခဲ့ရပါတယ်။ ကမ္ဘာတစ်ဝန်း အခုလို ပုံနှိပ်မီဒီယာများ ကျဆင်းသွားခဲ့ရတဲ့ အကြောင်းရင်းကို ဆန်းစစ်ကြည့်မယ်ဆိုရင် ဒီဂျစ်တယ်နည်းပညာ တစ်ဟုန်ထိုး တိုးတက်လာပြီး တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ အနာဂတ်မှာ နည်းပညာများ ယခုထက်ပိုမို တိုးတက်ကောင်းမွန်လာမှာဖြစ်လို့ ပုံနှိပ်မီဒီယာများအနေဖြင့် ယခုထက် ပိုမိုကြီးမားတဲ့ နစ်နာဆုံးရှုံးမှုများ မလွဲမသွေကြုံတွေ့လာရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်မီဒီယာများသည်လည်း မီဒီယာအသစ်ကို ပူးတွဲဆောင်ရွက်လျက်ရှိပြီး အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသည့် ပုံနှိပ်မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရန် ကြိုးစားခြင်းထက် တစ်ဟုန်ထိုးတိုးတက်လာနေသည့် မီဒီယာအသွင်သစ်ဖြင့် ဆက်လက်ရှင်သန်နိုင်ရန် စနစ်တကျ ကြိုးစားဆောင်ရွက်ခြင်းသည် မြန်မာ့မီဒီယာလောကကို ဆက်လက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု အကြံပြုကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent