ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် တိုင်တန်းထားမှုနှင့်ပတ်သက်၍ ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ခေါ်ယူမှုအပေါ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ ရုံးအတွင်းရေးမှူး ဦးအံ့မော်က ယနေ့ (သြဂုတ် ၂၅ ရက်) တွင် လာရောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံသည့်အကြောင်းပြချက်ဖြင့် တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်က ပြောကြားသည်။
စုံစမ်းစစ်ဆေးရေအဖွဲ့တွင် ပါဝင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးအောင်ခိုင်စိုးမှာ တပ်ပိုင်းဆိုင်ရာကိစ္စဖြင့် အရေးပေါ် ယာယီတာဝန် သွားရောက်ရန်အတွက် အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခြင်းအား ပယ်ဖျတ်၍ သင့်လျော်သည့် ကိုယ်စားလှယ်အား အစားထိုးဖွဲ့စည်းရန် တင်ပြလာသောကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ငါးဦးတွင် ၎င်းမပါဝင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် လေးဦးသာ ရှိခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆင့်ခေါ်ထားမှုကို ယနေ့ (သြဂုတ် ၂၅ ရက်) နံနက်ပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ ရုံးအတွင်းရေးမှူးအား ကိုယ်စားစေလွှတ်ခဲ့ပြီး လူမစုံသည့်အကြောင်းပြချက်ဖြင့် ဖြေဆိုခြင်းမရှိဘဲ ညနေပိုင်းထပ်မံဆင့်ခေါ်ရာတွင်လည်း ပြည်နယ်အစိုးရအဖွဲ့ ရုံးအတွင်းရေးမှူးကိုသာ ကိုယ်စားစေလွှတ်ခဲ့ပြီး လူမစုံသည့်အကြောင်းပြချက်သာ ပေးခဲ့ကြောင်း သိရသည်။

“ စွပ်စွဲပြစ်တင်တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကိုယ်စားလာပြီးမှ ထွက်ဆိုပေးတယ်ဆိုတော့ စွပ်စွဲပြစ်တင်တာနဲ့ပတ်သက်ပြီးတော့ ဘာတွေချေပလိုပါသလဲ။ ကျွန်တော်တို့က ဒီလိုပဲမေးပါတယ်။ သူကလည်း ခင်ဗျားတို့စုံစမ်းစစ်ဆေးရေးအဖွဲ့က လူမစုံတဲ့အတွက် သူမဖြေကြားပေးနိုင်ပါဘူးဆိုပြီးမှ သူပြောလိုက်တယ်” ဟု စုံးစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ခူးသဲရယ်က ပြောကြားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်အရ ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး သြဂုတ်လ ၂၆ ရက်တွင် ဝန်ကြီးချုပ်အား သုံးကြိမ်မြောက် ထပ်မံဆင့်ခေါ်မည်ဖြစ်ကြောင်း သိရသည်။
“ ဒီလိုလူတစ်ယောက်လျော့နေတာကို လာပြီးတော့မှ ခလုတ်တိုက်နေတာလို့ ကျွန်တော် မြင်တာပေါ့နော်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က လူမစုံရင်ထွက်ဆိုခွင့်မရှိဘူးဆိုတဲ့ ဥပဒေ မရှိတဲ့အခါကျတော့ ရှိတဲ့လူနဲ့ပဲ ကျွန်တော်တို့ ဆက်စုံစမ်းစစ်ဆေးမှာပါ။ ခုဒီလိုလာပြီးတော့မှ အကြောင်းတစ်ခုပြီးတစ်ခု ပြပြီးတော့မှ လာပြီးမထွက်ဆိုတာ ကျွန်တော့်အနေနဲ့ကတော့ ဒါရှောင်လွဲချင်သလား။ ဒီအနေအထားနဲ့ပတ်သက်ပြီး မဖြေကြားချင်သလား။ ဒါကိုပဲ လာပြီးမှ ခလုတ်တိုက်နေသလားဆိုတာ ကျွန်တော် ဒီလိုပဲမြင်ပါတယ်။ ကျွန်တော်တို့စုံစမ်းစစ်ဆေးတယ် ဆိုတာကလည်း ရှည်ရှည်ဝေးဝေးမဟုတ်ပါဘူး။ အဖြစ်မှန်ကိုပဲ ထပ်ပြီးမှမေးမြန်းလိုတဲ့သဘောပဲ ရှိပါတယ်” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ခူးသဲရယ်က ပြောကြားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အား ယနေ့ (သြဂုတ် ၂၅ ရက်) ညနေ ၃ နာရီအချိန်တွင် လာရောက်တွေ့ဆုံသော အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးအံ့မော်အား မီဒီယာများက မေးမြန်းရာ “ လောလောဆယ်ဘာမှပြောစရာ မရှိသေးပါဘူး” ဟု ပြန်လည်ပြောကြားသည်။
ယခုကဲ့သို့စစ်ဆေးခြင်းသည် လွှတ်တော်ဥပဒေနှင့်ကိုက်ညီမှု မရှိသောကြောင့် စစ်ဆေးမခံနိုင်ကြောင်း သြဂုတ် ၂၄ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စာဖြင့် လွှတ်တော်သို့တင်ပြခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ပြစ်တင်စွပ်စွဲရခြင်းမှာ လွှတ်တော်၌ ပြဋ္ဌာန်းထားသော ဥပဒေအရသာ စွပ်စွဲပြစ်တင်ခြင်းဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

ပြည်နယ်လွှတ်တော်က ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ဦးဆောင်ပြီး အတွင်းရေးမှူးအဖြစ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီက တာဝန်ယူဆောင်ရွက်လျက်ရှိကာ အဖွဲ့ဝင်များအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ခူးစိုးရယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရန်နိုင်ဆွေနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးအောင်ခိုင်စိုးတို့ ပါဝင်သည်။
အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှော်စီးလုပ်ငန်းစီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ် ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ စက်ယန္တရား ငှားရမ်းခငွေများကို သီးခြားရန်ပုံငွေထားရှိခြင်းကြောင့်ဟူ၍ လည်းကောင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေခြင်းဖြစ်သည်။
သို့ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် တိုင်တန်းတင်ပြမှုတွင် ပါဝင်သည့် ငါးဦးအနက် တစ်ဦးက ၎င်းအနေဖြင့် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးမှုမှ နုတ်ထွက်ကြောင်း ကယားပြည်နယ်လွှတ်တော်သို့ စာ ပြန်လည်ပေးပို့ထားသည်။















