ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်ရှိ ငါးမြို့နယ်တွင် မဲဆန္ဒနယ် ခြောက်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်ရှိ ငါးမြို့နယ်တွင် မဲဆန္ဒနယ် ခြောက်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 24 August 2020
စည်သာ (တောင်ကြီး)

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP)က ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ ငါးမြို့နယ်တွင် မဲဆန္ဒနယ် ခြောက်နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

FUP ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ တောင်ကြီးခရိုင်ရှိ ရှမ်းပြည် နယ် အမှတ် (၄) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ ကလောမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) နှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ရပ်စောက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နှင့် မဲဆန္ဒနယ် (၂) စ သည့် နေရာခြောက်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း  လျှောက်လွှာတင်ထားကြောင်း သိရသည်။၊

“ကျွန်တော်တို့ တိုင်းရင်းသားပါတီ ၂၂ ပါတီ ပါတာပေ့ါလေ။ ရှမ်းပြည်နယ်မှာဆိုရင်တော့ အင်းသား၊ ဓနု ပါတယ်။ ကျွန်တော်တို့ က တိုင်းရင်းသားပါတီတွေနဲ့ ထိပ်တိုက် မရင်ဆိုင်ဘူးလေ။ ဖက်ဒရယ်ပြည်ထောင်စုပါတီဝင်နိုင်တာ ၁၇ နေရာရှိပေမဲ့ ခြောက်နေရာပဲ ဝင်ပြိုင်တယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားပါတီတွေက ဝင်ပြိုင်ထားတာမို့လို့ပါ။ ဖက်ဒရယ်ဆိုတဲ့အတိုင်းပဲ တန်းတူညီမျှရေး ကိုယ်ပိုင်ဥပဒေပြုနိုင်ရေး တိုင်းရင်းသားအ ခွင့်အရေးတွေ မဆုံးရှုံးရေးပေ့ါ။ မြန်မာနိုင်ငံ မှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားအားလုံး ဗမာအပါအဝင်ပေ့ါ။ တန်းတူညီမျှရေးမူအ ဖြစ် ချမှတ်ထားတယ်။ ဥပဒေပြုရေးဆိုတော့ တိုင်းရင်းသားတွေနဲ့ ဆီလျော်တဲ့အခွင့်အရေး ရှိမယ့် ဥပဒေတွေကို ပြုပြင်မယ်။ ထည့်ပြီး ရေးဆွဲဖို့ပေ့ါ။ ထိုက်တန်သလောက် မဲဆန္ဒ တွေ ရရှိမယ်လို့တော့ မျှော်လင့်တာပေ့ါ” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစိုင်းကျော်ဇောသန်းက ပြောကြားသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) သည် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ငါးမြို့နယ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ပါတီရုံး ခွဲများ ဖွင့်ထားပြီး၊ ပါတီဝင်အင်အား ၆၀၀ ခန့်ရှိကြောင်း သိရသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ရည်ရွယ်ချက်များမှာ တိုင်းရင်းသားများအားလုံး အပြန်အလှန်ယုံကြည်မှုနှင့် စည်းလုံးညီညွတ် မှု တည်ဆောက်ခြင်းဖြင့် ဖက်ဒရယ်ပြည် ထောင်စုနိုင်ငံဖြစ်ပေါ်လာစေရန်၊ နိုင်ငံသား အားလုံး၏ အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်သည့် ဒီမိုကရေစီနိုင်ငံတည် ဆောက်ရန်၊ ပြည်ထောင်စုတစ်ဝန်းလုံးငြိမ်း ချမ်းပြီး တစ်ပြေးညီ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်နှင့် နိုင်ငံသားတိုင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် တန်းတူညီမျှသော အခွင့်အ လမ်းများ ရရှိရေးအတွက် ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent