ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် NLD ပါတီဥက္က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်လွှာ တင်သွင်းမှု အချက်အလက်မခိုင်လုံဟုဆိုကာ ခရိုင်ကော်မရှင်က ပယ်ချခဲ့ကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးအောင် ပြောကြား

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် NLD ပါတီဥက္က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်လွှာ တင်သွင်းမှု အချက်အလက်မခိုင်လုံဟုဆိုကာ ခရိုင်ကော်မရှင်က ပယ်ချခဲ့ကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးအောင် ပြောကြား
Published 15 August 2020
ပြည့်ဖြိုးအောင်

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းမှု အချက်အလက်မခိုင်လုံဟုဆိုကာ ခရိုင်ကော်မရှင်က ပယ်ချခဲ့ကြောင်း သြဂုတ် ၁၅ ရက် ညနေပိုင်းက ပြုလုပ်သည့် သတင်းရှင်းလင်းပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးအောင်က ပြောကြားသည်။

ယင်းသို့ ဦးဌေးအောင်၏ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားမှုနှင့်ပတ်သက်၍ သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဌေးအောင်ကို တွေ့ဆုံခဲ့ကြောင်း  သိရသည်။

“ ကျွန်တော်အခု တင်ပြတာတွေက အမှန်တရားတွေပဲ။ နိုင်ငံခြားအထောက်အပံ့ကိစ္စက လုံလောက်တဲ့ အထောက်အထားပေးပါဆိုရင် အခုက ကန့်ကွက်လွှာလေးတစ်ခုပဲ ရှိသေးတယ်။ တကယ် အမှုစစ်ဆေးတဲ့အခါမှာ ဒီသက်သေတွေက တန်ဖိုးမဲ့သွားစေမယ်။ ဒါက အင်မတန်ကြီးမားတဲ့ ပြစ်မှု မြောက်တဲ့အရာတွေ ဖြစ်တဲ့အတွက် လိုအပ်တဲ့နေရာကျမှပဲ ကျွန်တော်က တင်ပြမှာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့အထောက်အပံ့ကို ပါတီရဲ့အထောက်အပံ့ဖြစ်အောင် ပြောဆိုတာတွေ၊ မဲဝယ်တဲ့စနစ်မျိုးနဲ့ ငွေကျပ် နှစ်သောင်း ဘယ်သူပေးသလဲ ပါတီက ပေးတယ်။ ဘယ်သူကို မဲပေးရမလဲဆိုတာမျိုးဟာ ကျွန်တော် လုပ်ဆောင်လာခဲ့ရင် ကျွန်တော်ကို နားလည်ပေးပါလို့ ကျွန်တော်ကော်မရှင်ကို ပြောလိုက်တယ်။ ဘာဖြစ်လို့ပြောရလဲဆိုရင် ရွေးကောက်ပွဲက အင်မတန်နီးလာပြီ။ အဲဒီကာလမှ ကျွန်တော်နဲ့ တကယ်ထိပ်တိုက်တွေ့ရမှာက ကော့မှူးမြို့နယ်ကော်မရှင်ရယ်၊ ခရိုင်နဲ့ အများကြီး ထိဆက်ရမှာ။ အဲဒီအခါကျရင် ဒါကိုအထောက်အထားအဖြစ် သူများပါတီတွေတုန်းကလဲ ဒီလိုပဲ မဲဝယ်ကြတယ်။ ကျွန်တော် လုပ်ခဲ့သည်ရှိသော် ကျွန်တော်ကို အပြစ်မတင်ကြပါနဲ့လို့ ကျွန်‌တော်ပြောခဲ့တာပါ” ဟု ဦးဌေးအောင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ပြည်ပအဖွဲ့အစည်းအချို့မှ ငွေကြေးနှင့် အခြားအထောက်အပံ့များ ရယူထားကြောင်းနှင့် ကော့မှူးမြို့နယ်တွင် အစိုးရက အခြေခံလူတန်းစားများအား COVID-19 ထောက်ပံ့ငွေပေးအပ်ရာ၌ တာဝန်ရှိသူအချို့က NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ရန် လှုံ့ဆော်မှုအချို့ ရှိခဲ့ကြောင်း စသည့်အချက်အလက်များဖြင့် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း ဦးဌေးအောင်၏ ပြောကြားချက်အရ သိရသည်။

“ နိုင်ငံရေးပါတီကြီးများကိုလည်း ပြောပြချင်ပါတယ်။ ဒီလိုမျိုးမဲဆွယ်နေပြီ။ မဲဝယ်နေပြီ။ ဒီဟာတွေကို ဒီလိုပဲ ရေငုံနှုတ်ပိတ် နေကြတော့မှာလား။ ဒီအထောက်အထားက ကျွန်တော်ကော့မှူးမို့လို့ ကော့မှူးနယ်က ရတာ တခြားတိုင်းနဲ့ ပြည်နယ် ၃၃၀ မြို့နယ်တွေမှာ ဘယ်လိုတွေများ ဒီပါတီတွေက ရင််ဆိုင်နေရမလဲ။ ကိုယ်ချင်းစာတရားနဲ့ ပြောပြခြင်း ဖြစ်ပါတယ်။အခု NLD ပါတီက မိသားစုတစ်စု နှစ်သောင်း ပေးတာပါ။ ကျွန်တော် မဲဆန္ဒတစ်ယောက်ကို နှစ်သောင်းပေးရင် ဘယ်လိုဖြစ်လာမလဲ ကိုယ်ချင်းစာပေးပါလို့ ပြောပြချင်တာပါ” ဟု ဦးဌေးအောင်က ပြောကြားသည်။

ဦးဌေးအောင်၏ ကန့်ကွက်ချက်သည် ယေဘုစွပ်စွဲချက် တစ်ခုတည်းသက်သက်သာရှိပြီး ပြည်သူ့လွှတ်တော်ရွေးကောပ်ပဲ ွဥပဒေပုဒ်မ ၂၅ (ခ) နှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၂၇ ပါ ပြဌာန်းချက်များအရ လုံလောက်သော အထောက်အထားများ တင်ပြ၍ ကန့်ကွက်နိုင်မှု မရှိခြင်းတို့ကြောင့် ကန့်ကွက်လွှာကို ပယ်ကြောင်း အမိန့်ချလိုက်သည်ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အကြောင်းပြန်ခဲ့သည်။

“ အစ်မ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အာဃာတတရားနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ အမှန်တရားတစ်ခုနဲ့ တိုင်းပြည်ရဲ့ အရွေ့တစ်ခုကို ဘယ်လိုသွားကြမလဲဆိုတာမျိုးကို ထင်ဟပ်စေချင်တဲ့သဘောပဲ ရှိတာပါ။ ငါးနှစ်သက်တမ်းတစ်ခုမှာ ဘာစွမ်းဆောင်မှုမှ မပြနိုင်ဘဲတဲ့ အစိုးရနှစ်ရပ်လို့ ကိုယ်ကိုယ်တိုင်က ထုတ်ဖော်ပြောရတဲ့ အစိုးရဟာ ဘာလုပ်ဖို့ အရွေးခံနေသေးတာလဲဗျာ။ ဟုတ်တယ်မလား။ ပူးပေါင်းလိုက်ပါ။ ကျွန်တော်ပြောချင်တာက ပါတီကြီးဖျက်လောက်အောင် အပြစ်တွေ ရှိပါတယ်။ သို့သော် ဒီပါတီဟာလည်းပဲ ခင်ဗျားတို့ချည်း ပိုင်တာမဟုတ်ဘူး။ ပြည်သူတွေအများကြီး စတေးပြီးတော့ ဖြစ်ပေါ်လာတဲ့ ပါတီဖြစ်တဲ့အတွက် ကိုယ်ထင်ရာမစိုင်းပါနဲ့။ ကိုယ်အရည်အချင်းမရှိတာကိုလည်း ပြည်သူကို ထုတ်ပြလိုက်ပါ။ ဒီတော့ ဘာလုပ်ရမလဲဆိုတော့ ကျွန်တော်တို့ကတော့ ပူးပေါင်းတာကို လိုချင်တာပါ” ဟု ဦးဌေးအောင်က ပြောကြားသည်။

ယင်းသို့ ကန့်ကွက်လွှာတင်သွင်းခြင်းကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ချခဲ့သော်လည်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ခရိုင်ကော်မရှင်တွင်တင်ပြထားသည့် အထောက်အထားများထက် ပို၍ အထောက်အထားများ တင်ပြသွားမည်ဖြစ်ကြောင်း ဦးဌေးအောင်က ေြပာကြားသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၅ (ခ) တွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် မဲဆန္ဒနယ်တူ ယှဉ်ပြိုင်အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို လုံလောက်သော အထောက်အထားများဖြင့် ကန့်ကွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အထွေထွေရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အနေဖြင့် ဦးဌေးအောင်က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent