၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် တိုင်းဒေသကြီးငါးခုရှိ ကျေးလက်အချို့၌ ကိုယ်စားလှယ်လောင်း ၅၀ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် တိုင်းဒေသကြီးငါးခုရှိ ကျေးလက်အချို့၌ ကိုယ်စားလှယ်လောင်း ၅၀ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 11 August 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် တိုင်းဒေသကြီးငါးခုရှိ ကျေးလက်အချို့၌ ကိုယ်စားလှယ်လောင်း ၅၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားသည်။

ရန်ကုန်တိုင်း အပါအဝင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ကိုယ်စားလှယ်လောင်း ၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တောင်သူလယ်သမားပါတီ ဖြစ်သောကြောင့် တောင်သူလယ်သမား အများစုရှိသည့် တိုင်းဒေသကြီးများရှိရာ မြို့နယ်အချို့ကို ရွေးချယ် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ကျောက်တံတားမှာ ကျွန်တော်တို့ ပြိုင်လို့မရဘူး။ လယ်သမားမှ မရှိတာ။ ပန်းဘဲတန်း သွားပြိုင်လို့လည်း မရဘူး။ အဲဒီတော့ ကျွန်တော်တို့က လယ်ကွင်းရှိတယ်။ လယ်သမားရှိတဲ့ နေရာမှာပဲ ကျွန်တော်တို့ ပြိုင်ရတာပါ။ ဒါကြောင့် ကျေးလက်တွေမှာပဲ ကျွန်တော်တို့က မြို့နယ်လေးတွေမှာပဲ ပြိုင်တာများပါတယ်” ဟု  မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားသည်။

၎င်းင်းအနေဖြင့် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၂ ခုနစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး သြဂုတ်တွင် စတင်တည်ထောင်သည့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသည်။

ပါတီတည်ထောင်ပြီးနောက် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အပါအဝင် မန္တလေးတိုင်းတို့၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထိုစဉ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်လောင်း ၂၈၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရမဲ ဆန္ဒနယ်မြေ မရှိခဲ့ပေ။

Most Read

Most Recent