မန္တလေးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၂၀ မှ အမည်စာရင်းတင်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၂၇ ဦးရှိပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၆ ဦးရှိ

မန္တလေးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၂၀ မှ အမည်စာရင်းတင်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၂၇ ဦးရှိပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၆ ဦးရှိ
Published 11 August 2020
လဲ့လဲ့အောင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၂၀ မှ အမည်စာရင်းတင်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၂၇ ဦးရှိပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၆ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့်ရက်ကို ဇူလိုင်၂၀ ရက်မှ သြဂုတ် ၇ ရက်အထိ သတ်မှတ်ထားရာ သတ်မှတ်နောက်ဆုံးရက်အထိ  စာရင်းများအရ မန္တလေးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်မြေများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ စုစုပေါင်း ၅၄၃ ဦးရှိကြောင်း သိရသည်။

မန္တလေးတိုင‌်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအောက်တွင် ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် ၃၆ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၅၆ နေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၀၅ နေရာရှိကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းမှုများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၆ ဦးနှင့် ရှမ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း တစ်ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၅ ဦးစီဖြင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄ ဦးစီ အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။ ထို့အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ်လောင်း ၄၅ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃၂ ဦး၊ ပြည်သူ့ပါတီမှ ၁၈ ဦး၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ ၁၀ ဦး အမည်စာရင်းတင်သွင်းထားကာ အခြားပါတီများမှာ မဲဆန္ဒနယ် ၁၀ နေရာအောက်သာ စာရင်းတင်သွင်းထားကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ရှစ်ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၆ ဦး အမည်စာရင်းတင်သွင်းထားသည်။ လက်ရှိစာရင်းများမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင် သွင်းထားသည့် ဦးရေသာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းအမည် စာရင်းများကို သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အတွင်းစိစစ်သွားမည်ဖြစ်ကာ အတည်ပြု ကိုယ်စားလှယ်လောင်းဦးရေစာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။

 

Most Read

Most Recent