ကတိတည်သော လူတစ်ဦး

ကတိတည်သော လူတစ်ဦး
Published 3 August 2020

အဘိဓာန်၌ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကတိဟူသည် တစ်စုံတစ်ဦးအနေဖြင့် သတ်မှတ်ထားသည့် တစ်စုံတစ်ရာကို ပြုလုပ်ပါမည် သို့မဟုတ် ရှောင်ကြဉ်ပါမည်ဟူသော ကြေညာချက်ဖြစ်သည်။ လူတစ်ဦးကို သတ်မှတ်ထားသော လုပ်ရပ်တစ်ခုအား ပြုလုပ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို မျှော်လင့်ရန် သို့မဟုတ် အာမခံချက်ပေးရန် အခွင့်အရေးပေးမည်ဟူသည့် စည်းမျဉ်းသဘောအရ ကြေညာချက် ဖြစ်သည်။ ကတိတည်သော လူတစ်ဦးဖြစ်ရေးသည် အစဉ်အလာအရ စံထားခဲ့ကြသော တန်ဖိုးတစ်ရပ် ဖြစ်သည်။ ယခုခေတ်သစ်၌ပင်လျှင် ယုံကြည်ရမှု၊ သမာဓိနှင့် ရိုးသားမှုကဲ့သို့သော ပုဂ္ဂိုလ်ရေးရာ စံသတ်မှတ် ချက်များသည် လူမှုရေးနှင့် လုပ်ငန်းသဘောအရ အပြန်အလှန် ဆက်ဆံရေးများ၌ အလွန်အရေးကြီးသည်။ ကတိတည်သော လူတစ်ဦးအဖြစ် ကောင်းသော ဂုဏ်တစ်ရပ်ကို ထူထောင်ထားခြင်းသည် မိမိ၏ ပုဂ္ဂိုလ်ရေးဘဝတွင်သာမက လုပ်ငန်းခွင်၌လည်း အကျိုးကျေးဇူးရရှိနိုင်ပြီး မိမိ၏ကတိများအတိုင်း တုံ့ပြန်ဆောင်ရွက်သည့်အခါ ပိုမိုမြင့်မားသော ကျေနပ်မှုအဆင့်ကို တွေ့ကြုံခံစားရကြောင်းကိုလည်း သိမြင်ရမည်ဖြစ်သည်။ ကတိတည် သောလူတစ်ဦးဖြစ်ရန် မိမိကိုယ်တိုင်နှင့်ပတ်သက်၍လည်းကောင်း၊ အခြားသူများနှင့် ပတ်သက်၍လည်းကောင်း လုံးဝဥဿုံ ရိုးသားရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုက အတိုင်းအတာတစ်ရပ်အထိ လိုအပ်သည်။ ကတိတည်ရန်အတွက် အကြံပြုချက်အ ချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

 (၁) ကြီးမားသော ကတိများကဲ့သို့ပင် အသေးအဖွဲကတိများကိုလည်း တူညီသော အရေးကြီးမှု အဆင့်အတိုင်း ဆောင်ရွက်ပါ - ကတိတည်သော လူတစ်ဦးဖြစ်ခြင်းသည် သမာဓိခိုင်ကျည်ခြင်းနှင့်ဆိုင်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ စောင့်ကြည့်နေခြင်း မရှိစေကာမူ မိမိကိုယ်မိမိ လိပ်ပြာသန့်စိတ် ရှိရန်လိုသည်။

(၂) မိမိ၏ ကတိများကို ရေးချထားပါ - မိမိ၏ ကတိများကို ရေးချထားခြင်းသည် ယင်းတို့နှင့် ပတ်သက်၍ မိမိ၏တွေးတောပုံ ပြောင်းလဲသွားပုံကို သိနိုင်ရန် အထောက်အ ကူ ဖြစ်စေရုံ သာမက ယင်းတို့ကို သတိရနေစေရန် ကြီးမားသော လက်နက်ကိရိယာအဖြစ်ပါ အထောက်အကူပြုသည်။

(၃) ရေရှည်ကတိများနှင့် ရေတိုအတွေ့အကြုံများအကြား ကွာဟချက်ကို ကျဉ်း မြောင်းအောင် ဆောင်ရွက်ပါ - ယခုအချိန်၌ မိမိအနေဖြင့် ချက်ချင်း အမှန်တကယ် ဆောင်ရွက်ရတော့မည် ကဲ့သို့ပင် စဉ်းစားပြီးမှ သဘောတူညီမှုများပေးရန် ကြိုးစားရမည် ဖြစ်သည်။ ပုံမှန်အားဖြင့် မိမိက လက်ရှိအနေအထားတွင် လက်မခံနိုင်သေးသည့် အရာ များအတွက် ကတိများ မပေးသင့်ပေ။

(၄) ကတိများကို အထူးအခွင့်အရေးကဲ့သို့ သဘောထားပါ - ယုံကြည်မှုနှင့် လေးစား မှုအပေါ် အခြေခံလျက် လူအများက မိမိကို အားကိုးအားထားပြုကြခြင်း ဖြစ်သည်။ ထို့ ကြောင့် အခြားသူများကို ကတိများ ပေးကာ စောင့်ထိန်းခြင်းဖြင့် လူတို့၏ ယုံကြည်မှုနှင့် လေးစားမှုကို ရယူနိုင်သည်။

(၅) မိမိ မလုပ်ချင်သည့် ကိစ္စများကို သဘောမတူပါနှင့်  - မိမိ အမှန်တကယ်မလုပ်ချင်သော တစ်စုံတစ်ရာကို လုပ်ခိုင်းသည့်အခါ၌ ဖိအားဒဏ်ကို မလွန်ဆန်နိုင်သောကြောင့် လက်ခံရခြင်းမျိုး မဖြစ်ပါစေနှင့်။

(၆) ဆင်ခြေများကို အသုံးမပြုပါနှင့် - ဆင်ခြေများကို အသုံးပြုရန် မိမိကိုယ်မိမိ ခွင့် မပြုခြင်းက ကတိကို ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ ကတိအတိုင်း ဆောင်ရွက်ရန် အတွက်လည်းကောင်း မိမိကိုယ်မိမိ စေ့ဆော်မှုကို ပေးနိုင်သည်။

(၇) မိမိ ဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ ယောင်ဝါးဝါး မလုပ်ပါနှင့်  - ဤနေရာ၌ မိမိပြုလုပ်နိုင်သည်များနှင့် မပြုလုပ်နိုင်သည်များအကြောင်း ရှင်းရှင်းလင်းလင်း ပြောဆို ကာ ရိုးသားရန်လိုသည်။ တစ်စုံတစ်ရာသောကိစ္စကို မိမိပြုလုပ်လိမ့်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းက နောင်အခါကျမှ ဆင်ခြေပေးခြင်းထက် များစွာ ပို၍ ကောင်းသည်။

(၈) မိမိ ပြုလုပ်မည်ဟု ပြောဆိုထားသည့်အရာများကို မိမိ မလုပ်ချင်တော့သည့်တိုင် ပြုလုပ်ရမည် - မိမိ၏ကတိများကို အမြဲတစေ စောင့်ထိန်းပြီး လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ မိမိကတိအတိုင်း မိမိတတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့ကြောင့် အများက ယုံကြည်လေးစားကာ အားကိုးအားထားပြုရသည့် လူတစ်ဦးအနေဖြင့် ကတိများအား လွယ်လွယ်မပေးဘဲ ပေးပြီးသမျှ ကတိတိုင်းကိုလည်း စောင့်ထိန်းလျက် တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်  ၄ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent