ခွင့်ပြုချက်မရသောကြောင့် ၂၀၂၀ MNL ပြိုင်ပွဲ ကျင်းပရန်လျာထားသည့် ဇူလိုင်၂၈ ရက်တွင်စတင်ရန် မဖြစ်နိုင်တော့ဘဲ ခွင့်ပြုချက်အမြန်ဆုံးရရန် လိဂ်နှင့်ကလပ်အသင်းများ မျှော်လင့်

ခွင့်ပြုချက်မရသောကြောင့် ၂၀၂၀ MNL ပြိုင်ပွဲ ကျင်းပရန်လျာထားသည့် ဇူလိုင်၂၈ ရက်တွင်စတင်ရန် မဖြစ်နိုင်တော့ဘဲ ခွင့်ပြုချက်အမြန်ဆုံးရရန် လိဂ်နှင့်ကလပ်အသင်းများ မျှော်လင့်
Photos : MNL Facebook
Photos : MNL Facebook
Published 28 July 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွင့်ပြုချက်မရသောကြောင့် ရပ်နားထားရသည့် ၂၀၂၀ MNLအမှတ်ပေးပြိုင်ပွဲကို ပြန်လည်ကျင်းပရန် လျာထားသည့် ဇူလိုင် ၂၈ ရက်တွင် စတင်ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် ပြီးခဲ့သည့်မတ်လမှစတင်ကာ ရပ်နားခဲ့ရသည့် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲကို ပြန်လည်ကျင်းပခွင့်ရရန်အတွက် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်မရသောကြောင့် ကျင်းပမည့်ရက်ကို အတည်မပြုနိုင်သလို ကလပ်အသင်းများအနေဖြင့်လည်း လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ရန် နှောင့်နှေးမှုများရှိနေကြောင်း သိရသည်။

ထို့ကြောင့် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ကလပ်အသင်းများအနေဖြင့် ရပ်နားထားသော အမှတ်ပေးပြိုင်ပွဲကို အမြန်ဆုံးပြန်လည်စတင်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။  

''ပြန်ကစားနိုင်ဖို့ လျာထားတဲ့ ဇူလိုင်၂၈ ရက်မှာတော့ လိဂ်ပွဲတွေကို ပြန်စဖို့ မဖြစ်နိုင်တော့ပါဘူး။ လက်ရှိမှာတော့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကိုပဲ စောင့်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်းကျင်းပနိုင်အောင်တော့ အစီအစဉ်တွေ ဆွဲထားတာရှိတယ်''ဟု မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို မူလက ဇူလိုင် ၁၆ ရက်တွင် စတင်ကျင်းပရန်လျာထားသော်လည်း COVIDစောင့်ကြည့်ရေးကာလကို တိုးမြှင့်ခဲ့သောကြောင့်  လိဂ်ပြန်လည်စတင်မည့်ရက်ကိုပါ ဇူလိုင် ၂၈ ရက်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ခွင့်ပြုချက်မရသေးကြောင်း သိရသည်။

လိဂ်ပြန်စမည့်ရက်ကို အတည်မပြုနိုင်သောကြောင့် ကလပ်အသင်းများအနေဖြင့်လည်း ပြင်ဆင်မှုများပြုလုပ်ရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး ရာသီပြီးဆုံးချိန်နောက်ကျပါက ကုန်ကျစရိတ်မှာလည်း ပိုမိုမြင့်တက်လာမည့်အခြေအနေ ရင်ဆိုင်နေရသည်။

လက်ရှိအချိန်တွင် နေရှင်နယ်လိဂ်ကော်မတီအနေဖြင့်  ရာသီဝက်အပြောင်းအရွှေ့ကာလ ဖွင့်လှစ်ထားသော်လည်း လိဂ်ပြိုင်ပွဲ ပြန်လည်စတင်မည့်ရက် ထုတ်ပြန်နိုင်ခြင်းမရှိသောကြောင့် ကစားသမားခေါ်ယူမည့်အသင်းများအနေဖြင့် အခက်အခဲများကြုံတွေ့နေသည်။

Most Read

Most Recent