ညစ်ပေနေသည့် လက်များ

ညစ်ပေနေသည့် လက်များ
Published 27 July 2020

“နိုင်ငံရေးသမားတွေနဲ့ ကလေး ခါးတောင်းကျိုက်ပိတ်စတွေကို တူညီတဲ့ အကြောင်းရင်းတွေအတွက် မကြာခဏ လဲပစ်ရမယ်”။                              ■ မက်တွိန်း (၁၈၃၅-၁၉၁၀)၊ အမေရိကန်စာရေးဆရာ

သြဇာကြီးမားလှသော အမေရိကန်စာရေးဆရာကြီး မက်တွိန်းက နိုင်ငံရေးသမားများနှင့် ကလေးသေးခံပိတ်စတို့အား မကြာခဏ လဲပေးရမည် ဖြစ်ကြောင်းနှင့် လဲရသည့် အကြောင်းရင်းချင်းမှာလည်း အတူတူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဆိုအမိန့်သည် အမေရိကန်သမိုင်း၌ ထင်ရှားလှသည်။ ကလေးခါးတောင်းကျိုက်ပိတ်စများအား ညစ်ပတ်သွားပါက လဲပစ်ရမည် ဖြစ်သကဲ့သို့  ညစ်ပတ်သွားသော (အဂတိလိုက်စားသော) နိုင်ငံရေးသမားများကိုလည်း လဲပစ်ရမည်သာ ဖြစ်သည်။ သို့မှသာ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံရေးအင်စတီကျူး ရှင်းများအပေါ် ပြည်သူများ အယုံအကြည်ကင်းမဲ့လာမှုများမှ ရှောင်ရှားနိုင်မည် ဖြစ် သည်။

အဂတိလိုက်စားသော နိုင်ငံရေးသမားဟူသည် ဥပဒေနှင့် မလျော်ညီသော ကိုယ်ပိုင် အကျိုးအမြတ်အတွက် အာဏာကို အသုံးပြုသူဖြစ်သည်။ ၎င်းင်းတို့၏ တရားဝင် တာဝန် ဝတ္တရားများနှင့် ဆက်နွှယ်လျက် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးအာဏာကို အသုံး ပြုကြသူများ ဖြစ်သည်။ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ခရိုနီဝါဒ ကျင့်သုံးခြင်း၊ ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးခြင်း၊ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးခြင်း၊ ဒေသစွဲ လွန်ကဲခြင်း၊ သူကောင်းပြုခြင်း၊ မလျော်သြဇာ သုံးစွဲခြင်းနှင့် အလွဲသုံးစားပြုခြင်းတို့ ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာ အဂတိ လိုက်စားမှုများသည် မူးယစ်ဆေးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုတို့ ကဲ့သို့ သော ရာဇဝတ်မှုများကိုလည်း ပေါများစေနိုင်သည်။ အစိုးရအာဏာကို အခြားရည် ရွယ်ချက်များအတွက် အလွဲသုံးစားပြုခြင်းနှင့် ဥပဒေထိန်းသိမ်းရေးအဖွဲ့များ၏ ရက်စက် ကြမ်းကြုတ်မှုနှင့် အနိုင်အထက် ပြုကျင့်မှုများသည်လည်း နိုင်ငံရေး အဂတိလိုက်စားမှု၌ အကျုံးဝင်သည်။

နိုင်ငံရေးတွင် အဂတိလိုက်စားမှုသည် ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို ယိုယွင်းစေလျက် အတွင်းလှိုက်စားပြီး အစိုးရအဖွဲ့၏ ပုံမှန်လုပ်ငန်းစဉ်များကို လမ်းလွဲစေခြင်းနှင့် ပျက်စီးစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ဥပဒေပြုရာ၌ အဂတိလိုက် စားမှုကြောင့် တာဝန်ခံမှုလျော့ကျကာ မူဝါဒချမှတ်ခြင်း၌ ပြည်သူတို့အား ကိုယ်စားပြုမှုကို ပုံပန်းပျက်စေသည်။ တရားရေးစနစ်၌ အဂတိလိုက်စားမှုသည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး ပြည်သူ့အုပ်ချုပ်ရေး၌ အဂတိလိုက်စားမှုသည် အများပြည်သူဝန်ဆောင်မှုများကို မဖူမလုံ ဖြစ်စေသည်။

အဂတိလိုက်စားမှုကြောင့် လုပ်ငန်းစဉ်များ ကမောက်ကမဖြစ်ခြင်း၊ နိုင်ငံရင်းမြစ်များ လမ်းလွဲသို့ ရောက်ရှိသွားခြင်းနှင့် ပြည်သူ့ဝန်ထမ်းများအား အရောင်းအဝယ်ပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ပြီး အစိုးရအဖွဲ့၏ အင်စတီကျူးရှင်းဆိုင်ရာ စွမ်းရည်ကို ယိုယွင်းပျက်စီးစေသည်။ အစိုးရအဖွဲ့၏ တရားဝင်ဖြစ်မှုနှင့် ဒီမိုကရေစီ၏ စံတန်ဖိုးတစ်ရပ် ဖြစ်သော ယုံကြည်မှု တို့ကိုလည်း အဂတိလိုက်စားမှုက အကြီးအကျယ် ထိခိုက်စေနိုင်သည်။ အဂတိလိုက်စား မှုသည် ပြည်သူ့ဘဏ္ဍာများကို အများပြည်သူ အကျိုးရှိစေမည့် စီမံကိန်းများအစား လူ နည်းစုသာ အကျိုးရှိမည့် စီမံကိန်းများအဖြစ် လမ်းလွဲရောက်ရှိသွားစေသောကြောင့် နိုင်ငံစီးပွားရေးကိုလည်း အလွန်အမင်း ကျဆင်းသွားစေနိုင်သည်။

ထို့ကြောင့် ညစ်ပတ်သွားသော ကလေးခါးတောင်းကျိုက်ပိတ်စများကို ဖယ်ရှားပေးရသည့် နည်းတူ ညစ်ပတ်သွားသော (အဂတိလိုက်စားသော)  လက်ပေပြီးသား နိုင်ငံရေး သမားများကိုလည်း ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အချိန်မီဖယ်ရှားရန် လို အပ်ပြီး ရွေးကောက်ပွဲများသည် ပြည်သူများအတွက် ယင်းကဲ့သို့ ပြုလုပ်နိုင်မည့် အခွင့်ရေးကောင်းတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent