အင်တာမီလန်အသင်းသည် နည်းပြ ကွန်တီ အလိုရှိနေသော ပစ်မှတ်ကစားသမားများကို ခေါ်ယူနိုင်ရန် အသင်းရှိ ကစားသမားများကို ရောင်းချ၍ ငွေအရင်ရှာရမည်ဖြစ်ကြောင်း အီတလီမီဒီယာများက သုံးသပ်နေကြသည်။
ကွန်တီ၏ ပစ်မှတ်ကစားသမားများမှာ ဘရက်စီယာကွင်းလယ်လူ တိုနာလီ၊ ဗီရိုနာနောက်ခံလူ ကမ်ဘူလာနှင့် ရိုးမားဝါရင့် တိုက်စစ်မှူး ဂျက်ကိုတို့ဖြစ်ကြသည်။
ခံစစ်(၃)ယောက်ပုံစံတွင် ခြေစွမ်းပြနေသည့် အသက်(၂၀)အရွယ် ဗီရိုနာနောက်ခံလူ ကမ်ဘူလာသည် စျေးကွက်တန်ကြေး ယူရို(၂၅)သန်းခန့်ရှိပြီး အီတလီလူငယ်ကြယ်ပွင့် တိုနာလီ(၂၀ နှစ်)၏ တန်ကြေးမှာလည်း ယူရို(၃၅)သန်းခန့် ရှိနေသည်။
သို့ဖြစ်ရာ အင်တာမီလန်အနေဖြင့် ကွန်တီ၏ Three Back ကစားကွက်တွင် ခြေစွမ်းပြရန် ရုန်းကန်နေရသည့် နောက်ခံလူ ရှကရီညာနှင့် ကွင်းလယ်လူ ဘရိုဇိုဗစ်တို့ကို ရောင်းချ၍ ငွေရှာသွားဖွယ်ရှိကြောင်း သိရသည်။
ရှကရီညာအား ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေပြီး စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်ဖွယ်ရှိနေသည်။









