မန်ယူအသင်းသည် ပြီးခဲ့သည့် (၉)လခန့်ကမှ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသည့်အသင်း၏ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေပြီး စာချုပ်သစ်အရ ဂရင်းဝုဒ်သည် တစ်ပတ်လုပ်ခပေါင် (၄၀၀၀၀)အထိ တိုးမြင့်ရရှိမည်ဖြစ်သည်။
လိဂ်ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းသည် ရိန်းဂျားစ်အသင်း၏ နည်းပြဖြစ်သူ စတီဗင်ဂျရတ်အား နည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့သော်လည်း ဂျရတ်က ငြင်းပယ်ခဲ့ပြီးနောက် အက်စတွန်ဗီလာအသင်း၏ လက်ထောက်နည်းပြဖြစ်သူ ဂျွန်တယ်ရီအား စိတ်ဝင်စားလာခဲ့ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း၏ အသက် (၁၇)နှစ်အရွယ် လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဂျိုဝယ်လ်ဆန်ဖာနန်ဒက်စ်အား စာချုပ်လျော်ကြေးပမာဏ ပေါင်သန်း (၄၀)အထိပေးကာ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်သို့တန်းတက်လာသည့် လိဒ်စ်ယူနိုက်တက်အသင်း၏ အမှုဆောင်ချုပ် အန်းဂတ်စ်ကင်နီယာက အသင်းပိုင်ရှင်သည် နည်းပြဖြစ်သူ ဘီယဲလ်ဆာနှင့် လာမည့်တစ်ပတ်အတွင်းတွေ့ဆုံကာ စာချုပ်သစ်ကိစ္စနှင့် အပြောင်းအရွှေ့ပစ်မှတ်များကိစ္စကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။
ရုရှားကလပ် ဇင်းနစ်အသင်းသည် လီဗာပူးလ်အသင်းက ပေါင် (၁၅)သန်း ဈေးနှုန်းသတ်မှတ်ထားသည့် ခရိုအေးရှားလက်ရွေးစင် နောက်ခံလူ လိုဗရန်အား ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ပေါင်(၉)သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ရန်မျှော်လင့်နေကြောင်း သိရှိရသည်။
ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ ဆယ်တီယန်သည် အသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သူသည် ဘာစီလိုနာအသင်းနည်းပြရာထူးတွင် အနည်းဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲပြီးသည်အထိ ဆက်ရှိနေမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမှ ရလဒ်အပေါ်မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း သိရှိရသည်။









