အေစီမီလန်အသင်းတာဝန်ရှိသူများသည် နည်းပြ ပီအိုလီ၏ လက်ရှိစွမ်းဆောင်ရည်များကြောင့် လာမည့်ရာသီတွင် ရန်းနစ်နှင့် အစားထိုးမည့်အစီအစဉ်ကို ပြန်လည်စဉ်းစားနေကြောင်း သိရသည်။
ပြီးခဲ့သည့်စီးရီးအေပွဲစဉ်တွင် ဘိုလော့ဂ်နာအသင်းကို (၅-၁)ဂိုးဖြင့် အေစီမီလန်အသင်း အနိုင်ရရှိပြီးနောက် နည်းပြ ပီအိုလီ၏ စွမ်းဆောင်ရည်အပေါ် အေစီမီလန်အသင်းတာဝန်ရှိသူများက ယခင်ကထက် ပိုပြီးအသိအမှတ်ပြုလာကြသည်။
ဂျာမန်ဘောလုံးလောကတွင် ကျင်လည်ခဲ့ပြီး နည်းစနစ်နှင့် နည်းဗျူဟာကျွမ်းကျင်သူ၊ ကစားသမားရှာဖွေမှုနှင့် စီမံခန့်ခွဲမှုများ ကျွမ်းကျင်သူအဖြစ် ကျော်ကြားကာ လက်ရှိအချိန်တွင် Red Bull ဘောလုံးအသိုက်အမြုံ ၌ အားကစားနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသည့် ရန်းနစ်ကို အေစီမီလန်အသင်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းများ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်နေသည်။
နာမည်ကျော်အီတလီအားကစားဂျာနယ်လစ် ဒီမာဇီယို၏ ရေးသားမှုအရ အေစီမီလန်အသင်းသည် ရန်းနစ်ကို ခေါ်ယူနိုင်ရန်အတွက် Red Bull ထံ လျော်ကြေး ယူရို(၇)သန်းမှ (၈)သန်းကြားပေး ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်းနစ်၏ ဆန္ဒအရ Red Bull ဘက်မှ အလျှော့ပေးရဖွယ်ရှိနေပြီး လာမည့်သြဂုတ်လတွင် အေစီမီလန်အသင်းထံ တရားဝင်ရောက်ရှိလာမည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
အေစီမီလန်အသင်းသည် မူလက ရန်းနစ်ကို အသင်းမန်နေဂျာတစ်ဦးအဖြစ် ခန့်အပ်သွားရန်စိတ်ကူးထားသော်လည်း နောက်ပိုင်းတွင် နည်းပြအဖြစ်ခန့်အပ်ရန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ယခုအခါ အေစီမီလန်အသင်းတာဝန်ရှိသူများသည် လက်ရှိနည်းပြ ပီအိုလီ၏ အနာဂတ်ကို အလျင်စလိုဆုံးဖြတ်သွားမည်မဟုတ်ဘဲ ရာသီကုန်ဆုံးချိန်အထိ စောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်သွားဖွယ်ရှိနေသည်။
လာမည့်ရာသီ စီးရီးအေပြိုင်ပွဲသည် စက်တင်ဘာလ(၁၂)ရက်တွင် ပြန်လည်စတင်ဖွယ်ရှိနေပြီး အေစီမီလန်အသင်းတာဝန်ရှိသူများသည် ပီအိုလီကို နည်းပြအဖြစ် ဆက်လက်ခန့်အပ်ထားကာ ရန်းနစ် ရောက်ရှိလာပါက နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်သွားဖွယ်ရှိကြောင်း သိရသည်။









