မန်စီးတီး၊ အာဆင်နယ်အသင်းတို့နှင့် လက်ကျန်(၂)ပွဲကို ရင်ဆိုင်ရမည့် ဝက်ဖို့ဒ်အသင်း နည်းပြဖြစ်သူ နီဂျယ်ပီယာဆန်အား ရာထူးမှထုတ်ပယ်

မန်စီးတီး၊ အာဆင်နယ်အသင်းတို့နှင့် လက်ကျန်(၂)ပွဲကို ရင်ဆိုင်ရမည့် ဝက်ဖို့ဒ်အသင်း နည်းပြဖြစ်သူ နီဂျယ်ပီယာဆန်အား ရာထူးမှထုတ်ပယ်
Published 20 July 2020

ဝက်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇူလိုင် ၁၉ ရက်)က နည်းပြဖြစ်သူ နီဂျယ်ပီယာဆန်အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

သောကြာနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဓိကပြိုင်ဘက်အသင်းဖြစ်သည့် ဝက်စ်ဟမ်းအသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် ပီယာဆန်နှင့်လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပီယာဆန်သည် ပြီးခဲ့သည့် ၂၀၁၉၊ ဒီဇင်ဘာလတွင် ဝက်ဖို့ဒ်အသင်းအား စတင်တာဝန်ယူခဲ့သူဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ် (၂၀)ပွဲကိုင်တွယ်ခဲ့ရာ၌ (၇)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၉)ပွဲရှုံးခဲ့သည်။

သူစတင်ကိုင်တွယ်ချိန်မှ ပရီးမီးယားလိဂ်ပြိုင်ပွဲသာ စတင်ခဲ့ပါက သူ၏ ဝက်ဖို့ဒ်အသင်းမှာ တန်းဆင်းအန္တရာယ်ရှိမည်မဟုတ်ဘဲ အဆင့် (၁၂)နေရာတွင် ရပ်တည်နေမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က တွက်ချက်ဖော်ပြခဲ့သည်။

နီဂျယ်ပီယာဆန်သည် ယခုရာ သီတွင် နိုင်ပွဲဆက်နေသော လီဗာပူးလ်အသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး (၄၄)ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားအောင် ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။

သူ၏ဝက်ဖို့ဒ်အသင်းမှာ ရာသီလက်ကျန်(၂)ပွဲတွင် မန်စီးတီး၊ အာဆင်နယ် အစရှိသောအသင်းကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဝက်ဖို့ဒ်အသင်း၏ လက်ကျန်(၂)ပွဲကို အသင်းနည်းပြအဖွဲ့ဝင်များဖြစ်သည် ဟေဒန်မူလင်စ်နှင့် ဂရေဟမ်စတက်ခ်တို့က ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent