ချန်ပီယံလိဂ်ဖလားထက် လာလီဂါချန်ပီယံအောင်မြင်မှုက ပို၍ချိုမြိန်သည်ဟု ဇီဒန်း ပြောကြား

ချန်ပီယံလိဂ်ဖလားထက် လာလီဂါချန်ပီယံအောင်မြင်မှုက ပို၍ချိုမြိန်သည်ဟု ဇီဒန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 18 July 2020

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကလည်း ချန်ပီယံလိဂ်ဖလားထက် လာလီဂါချန်ပီယံအောင်မြင်မှုက ပို၍ချိုမြိန်ကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် ကြာသပတေးနေ့ညပိုင်းက လာလီဂါပွဲစဉ် (၃၇) အဖြစ် ဗီလာရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၂-၁) ဂိုးဖြင့် အနိုင်ရသောကြောင့် လက်ကျန်တစ်ပွဲအလိုမှာပင် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဇီဒန်းက "ဒီအောင်မြင်မှုက အရာအားလုံးထက် ပိုပြီးသာလွန်ပါတယ်။ လာလီဂါမှာ အနိုင်ရဖို့ ကြီးမားတဲ့ အင်အားစိုက်ထုတ်မှု လိုအပ်ပါတယ်။ (၃၈) ပွဲကစားပြီးချိန်မှာ ပြိုင်ဘက်အားလုံးထက် အမှတ်ပိုရမှာဖြစ်ပြီး COVID-19 ကာလအပြီးမှာ အားလုံးက အံ့အားသင့်စရာကောင်းလွန်းပါတယ်။ ဒီနေ့က ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ အကောင်းဆုံးနေ့တွေထဲက တစ်ရက်ပါပဲ။ ချန်ပီယံလိဂ်ကတော့ ချန်ပီယံလိဂ်ပဲပေါ့။ ဒါပေမဲ့ လာလီဂါက ကျွန်တော့်ကို ပိုပြီးပျော်ရွှင်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာလီဂါချန်ပီယံဆုဆိုတာ အရာအားလုံးထက် သာလို့ပါ။ စိတ်လှုပ်ရှားလွန်းလို့ ပြောစရာစကားလုံးတွေတောင် ပျောက်ကုန်ပါပြီ" ဟု ပြောကြားခဲ့သည်။ 

ဇီဒန်းသည် ရီးယဲလ်အသင်းကို ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၃)နှစ်ကြာ ကိုင်တွယ်ခဲ့ရာတွင် ချန်ပီယံလိဂ်ဖလားကို (၃)ရာသီဆက်တိုက် ရရှိခဲ့သော်လည်း လာလီဂါချန်ပီယံဆုကို ၂၀၁၆-၁၇ ရာသီကသာ ရရှိခဲ့သည်။ 

ဇီဒန်းသည် ရီးယဲလ်အသင်းကို ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လတွင် ပြန်လည်ကိုင်တွယ်ခဲ့ပြီး ယခုရာသီတွင် လာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဇီဒန်းသည် ရီးယဲလ်နည်းပြဘဝတွင် လာလီဂါ (၂)ကြိမ်၊ ချန်ပီယံလိဂ် (၃)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၁) လုံးအထိ ရရှိထားသည်။ 

Most Read

Most Recent