ပရီးမီးယားလိဂ်ပွဲစဉ် (၃၆)လက်ကျန်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ မန်ယူနဲ့ လက်စတာတို့ နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။ ဗီလာကတော့ (၁)မှတ်သာရခဲ့လို့ နောက်ဆုံးအချိန်အထိ ရုန်းကန်သွားရဖို့ရှိပြီး ဆောက်သမ်တန်ကလည်း အိမ်ကွင်းမှာသရေနဲ့သာကျေနပ်ခဲ့ရပါတယ်။
ခရစ္စတယ်ပဲလေ့စ် ဝ-၂ မန်ယူ
မန်ယူက ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အစပိုင်းအချိန်တွေမှာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ မန်ယူက ပွဲပန်းတဲ့ပြဿနာကို ခံနေရတာလည်းပါတယ်။ ဒီပွဲမှာလည်း တွမ်မီနေးနဲ့ ဖိုဆူမန်ဆာပါဝင်လာတာကလွဲလို့ အရင်ပွဲတွေအတိုင်း တူညီတဲ့လူစာရင်းကိုပဲ ပွဲထုတ်ခဲ့တာပါ။

ဒါကြောင့်လည်း မန်ယူခက်ခဲတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူအသင်းဟာ ပွဲကို တဖြည်းဖြည်းစိုးမိုးလာနိုင်ခဲ့တယ်။ လိုအပ်တဲ့ရလဒ်ကို ရယူနိုင်ခဲ့ပြီး တစ်ပွဲလုံးခြုံကြည့်ရင် မန်ယူရဲ့ ကစားပုံက ကောင်းတယ်လို့ ပြောလို့ရပါတယ်။ မန်ယူအတွက်ဂိုးတွေကို (၄၅+၁)မိနစ်မှာ ရပ်ရှ်ဖို့ဒ်၊ (၇၈) မိနစ်မှာ မာစီယဲလ်တို့က သွင်းယူခဲ့ကြတယ်။ မန်ယူတိုက်စစ်ကစားသမား မာစီယဲလ်ကတော့ ၂၀၂၀ ခုနှစ်အတွင်း ပြိုင်ပွဲစုံမှာ (၁၂)ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ အများဆုံးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို ဆက်လက်အသင်သွင်းနိုင်ခဲ့တယ်။ ပဲလေ့စ်အသင်းကတော့ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲဆက်ရှုံးပွဲတွေ့ခဲ့ပြီး (၅)ပွဲအထိလည်း ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။
လက်စတာ ၂-၀ ရှက်ဖီးယူနိုက်တက်
လက်စတာက လိုအပ်တဲ့ အနိုင်ရလဒ်ကို ယူသွားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်(၄)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ရှက်ဖီးက ဒီပွဲမှာတော့ လက်စတာကို ဒုက္ခမပေးနိုင်ခဲ့ဘူး။ အချိန်အများစုက လက်စတာရဲ့ ကစားကွက်အောက်မှာသာ ရောက်နေခဲ့တယ်လို့ ဆိုနိုင်ပြီး အခွင့်အရေးကောင်းတွေလည်း မရခဲ့ပါဘူး။

လက်စတာကတော့ ရှက်ဖီးကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တယ်။ ထိရောက်တဲ့ဂိုးကန်သွင်းခွင့်တွေ ပြုလုပ်နိုင်ခဲ့ပြီး ရှက်ဖီးကို အသားစီးယူကစားနိုင်ခဲ့တယ်။ လက်စတာအတွက် ဂိုးတွေကို (၂၉၊ ၇၉) မိနစ်တွေမှာ အယိုဇေပီရက်ဇ်နဲ့ ဂရေးတို့က သွင်းယူခဲ့ကြတယ်။

လက်စတာတိုက်စစ် ကစားသမား အယိုဇေပီရက်ဇ်ကတော့ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးဂိုးပေါက်ပြန်တွေ့ခဲ့ပါတယ်။
အခြားပွဲရလဒ်များ
အဲဗာတန် ၁-၁ အက်စတွန်ဗီလာ
ဆောက်သမ်တန် ၁-၁ ဘရိုက်တန်









