အက်စတွန်ဗီလာ ဝ-၃ မန်ယူ
မန်ယူအသင်းက ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်တူညီတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ဗီလာအသင်းက ဆက်တိုက်ဖိကစားခဲ့တာကြောင့် မန်ယူအသင်းအခက်တွေ့ခဲ့ရပေမယ့် မကြာခင်မှာပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

(၂၇)မိနစ်မှာ ပယ်နယ်တီနဲ့ အဖွင့်ဂိုးရပြီးနောက်ပိုင်းမှာတော့ မန်ယူအသင်းအတွက် တစ်ဖက်သတ်ကစားနိုင်တဲ့ပွဲ ဖြစ်သွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကြောင့်ရရှိတဲ့ ဒီပယ်နယ်တီကတော့ အငြင်းပွားစရာဖြစ်ခဲ့ပြီး ပြိုင်ဘက် နောက်ခံလူ ကွန်ဆာကို သူက နင်းမိခဲ့တာဖြစ်ပေမယ့် ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာပါ။

ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းရရှိတဲ့ (၁၃)လုံးမြောက်ပယ်နယ်တီဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ပါတယ်။ အဲဒီနောက် မန်ယူအသင်း တောက်လျှောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ဂရင်းဝုဒ်နဲ့ (၅၈)မိနစ်မှာ ပေါ့ဘာတို့က ဂိုးတွေထပ်သွင်းခဲ့ပါတယ်။

အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာတွေ ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် (၄)ပွဲဆက် တစ်ပွဲကိုအနည်းဆုံး(၃)ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ မန်ယူအသင်းရဲ့ စွမ်းဆောင်မှုက ပရီးမီးယားလိဂ်မှာ မှတ်တမ်းသစ်ဖြစ်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်ယူအသင်း ပရီးမီးယားလိဂ်ထိပ်ဆုံး (၄)သင်းစာရင်းထဲရောက်ဖို့ ပိုပြီးနီးစပ်လာခဲ့ပါတယ်။

မန်ယူတိုက်စစ်ကစားသမား ဂရင်းဝုဒ်ကတော့ ရွန်နီနောက်ပိုင်း အသင်းအတွက် ပရီးမီးယားလိဂ် (၃)ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။









