လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဘရိုက်တန်နှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သော အသင်းခေါင်းဆောင် ဟန်ဒါဆန်၏ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမည်ဟု ပြောကြားခဲ့သည်။
ဟန်ဒါဆန်သည် ယင်းပွဲတွင် အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် မိနစ်(၈၀)တွင် လူစားလဲခံခဲ့ရသည်။
ဟန်ဒါဆန်သည် ဘရိုက်တန်ကွင်းလယ်ကစားသမား ဘစ်ဆူမာနှင့် ထိခိုက်မိကာ ဒူးဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ယာဂန်ကလော့ပ်ကမူ ''ကျွန်တော် ဘာမှ မသိရသေးပါဘူး။ ဒီအဖြစ်အပျက်ကိုလည်း ပြန်မကြည့်ရသေးပါဘူး။ ဒါပေမဲ့ ဒူးကို ထိခဲ့တယ်လို့ ထင်ပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာပါ။ ဘယ်လောက် ပြင်းထန်သလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ'' ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဟန်ဒါဆန်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၄၀)ပါဝင်ကစားထားသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ရာ၌ အကောင်းဆုံးဦးဆောင်နိုင်ခဲ့သူအဖြစ် ချီးကျူးခံနေရသူဖြစ်သည်။









