ရီးယဲလ်အသင်းသည် ယခုရာသီ လာလီဂါချန်ပီယံဆုကို ရရှိခဲ့ပါက မက်ဒရစ်မြို့အတွင်း အောင်ပွဲခံရန် စီစဉ်ထားပြီးဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလဖြစ်သဖြင့် လူများစုဝေးပြုလုပ်ခြင်းကို အစိုးရက တားမြစ်ထားပြီး အောင်ပွဲခံရာတွင် လူစုလူဝေးမဖြစ်စေရန် မက်ဒရစ်မြို့တော်ဝန် အယ်လ်မေးဒါးကလည်း ပြောဆိုထားသည်။
အယ်လ်မေးဒါးက ''လာလီဂါချန်ပီယံဆု ရတယ်ဆိုတာ အရမ်းကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ အဲဒီအတွက် အောင်ပွဲခံရမှာပါ။ ဒါပေမဲ့ အောင်ပွဲခံတဲ့အခါမှာ ဘေးကင်းမှုရှိဖို့တော့လိုပါတယ်။ ဒီရာသီက ထူးခြားတဲ့ရာသီတစ်ခုဖြစ်ပြီး အောင်ပွဲခံမှုကလည်းထူးခြားပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
လာလီဂါပွဲစဉ် (၃၄)အပြီးတွင် အမှတ်ပေးဇယားကို (၄) မှတ်အသာဖြင့် ဦးဆောင်နေသည့် ရီးယဲလ်အသင်းသည် လက်ကျန် (၄) ပွဲတွင် (၉)မှတ်ရပါက လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။









