စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေ နမ်ခမာချောင်းဖျားဒေသ၌ ကျောက်စိမ်းလက်လုပ်လက်စား လုပ်ကွက်သစ်များ ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
ခန္တီးရတနာနယ်မြေ နမ်ခမာ (ချောင်းသာ) ဒေသရှိ ကျောက်စိမ်းအလတ်စား လုပ်ကွက်နေရာမှ တစ်စိတ်တစ်ပိုင်းအား လက်လုပ်လက်စား တူးဖော်ခွင့်ချထားပေးရန် ခန္တီးကျောက်မျက်စျေး ကော်မတီအဖွဲ့နှင့် ခန္တီးဒေသခံ တိုင်းရင်းသားများက တောင်းဆိုတင်ပြခဲ့သဖြင့် ချထားပေးရန်စီစဉ်နေကြောင်း ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန်က ပြောကြားသည်။
“အဲဒီနေရာကို ကျောက်စိမ်းလက်လုပ်လက်စား ချထားပေးရန်ဆိုပြီး ခန္တီးကျောက်မျက်စျေး ကော်မတီအဖွဲ့နဲ့ ခန္တီးကတိုင်းရင်းသားရေးရာ အစုအဖွဲ့ဖြစ်တဲ့ ခန္တီးရှမ်း၊ ကချင်၊ ချင်း၊ နာဂ အဲဒီလေးဖွဲ့ရဲ့ ရိုးရာယဉ်ကျေးမှု ကော်မတီတွေရဲ့ ထောက်ခံချက်တွေနဲ့ တောင်းဆိုလက်မှတ်ထိုးပြီး စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတဝန်ကြီးနဲ့ ဝန်ကြီးချုပ်ကို တင်ထားတာ။ တင်ထားပြီး ကျွန်တော့်ကို မိတ္တုပေးတာနဲ့ ကျွန်တော်က အတိုင်ပင်ခံ ခန္တီးခရီးစဉ်မှာ အတိုင်ပင်ခံကိုလည်းပေးတယ်။ ပြည်ထောင်စုဝန်ကြီးကိုလည်း ပေးလိုက်တယ်။ ပေးပြီးတော့ ကျွန်တော်နေပြည်တော်ရောက်တဲ့အချိန် သွားတွေ့လိုက်တော့ ကျောက်မျက်ဌာနက MD ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနဲ့ တွေ့ခိုင်းပြီးတော့ ဒါကိုကွင်းဆင်းစိစစ်ပြီးတော့မှ လက်လုပ်လက်စားအတွက် နည်းနည်းခွဲပေးမယ်ဆိုတာပေါ့။ အလတ်စားလုပ်ကွက် ဧက ၆၀၅ ဒသမ ၃၉၅ ဧကထဲမှာမှ ဧကဘယ်လောက်ခွဲပေးမယ်ဆိုတာတော့ မသိသေးဘူးပေါ့။ အဲဒါ ကွင်းဆင်းစိစစ်ပြီးတော့မှ ဘယ်နေရာမှာ လက်လုပ်လက်စားလုပ်လို့ရမလဲဆိုတဲ့ဟာကို ကြည့်ပြီးတော့မှ သူတို့ကဆုံးဖြတ်မှာပေါ့။ ကိုဗစ်မတိုင်ခင်ကတည်းက ကွင်းဆင်းဖို့ စီစဉ်ထားပေမယ့် ကြားမှာကိုဗစ်ကာလ ဖြစ်သွားတော့ မစနိုင်သေးတာ” ဟု ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခန္တီးဒေသခံများအတွက် နန့်စလင်းချောင်းဖျားတွင် လက်လုပ်လက်စားလုပ်ကွက်များ ချထားပေးသော်လည်း ထိုနေရာတွင် တူးဖော်ရသည့် အခက်အခဲများကြောင့် လုပ်ကိုင်လိုသူ နည်းပါးနေသဖြင့် ယခုနမ်ခမာချောင်းဖျား ဒေသတွင် လက်လုပ်လက်စားလုပ်ကွက်သစ်များ ချပေးရန် ထပ်မံတောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ထိုနေရာတွင် လက်လုပ်လက်စားလုပ်ကွက်ပေါင်း ၂၅၀ ကျော်တူးဖော်နိုင်ကြောင်း သိရသည်။















