အရေးပေါ် နိုင်ငံပြင်ပ ခရီးသွားရန် လိုအပ်သူများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၌ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးချက်အား မြန်မာကျပ်ငွေ နှစ်သိန်းတိတိဖြင့် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါဖြစ်ပွား နေသော ကာလအတွင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာသံရုံးရှိ သံတမန်များ၊ သံရုံးဝန်ထမ်းများ UN အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရေးပေါ် နိုင်ငံပြင်ပခရီးသွားရန် လိုအပ်သူများအား အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ COVID-19 ကင်းရှင်းကြောင်း (Travel Fit certificate for COVID-19) ထုတ်ပေးရန်နှင့် စစ်ဆေးခအဖြစ် မြန်မာကျပ်ငွေ ကျပ်နှစ်သိန်းတိတိ တိုးမြှင့်ကောက်ခံရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ အရေးပေါ် နိုင်ငံပြင်ပ ခရီးသွားရန် လိုအပ်သူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၁ နာရီအတွင်း စမ်းသပ်ခအဖြစ် စစ်ဆေးမှု တစ်ကြိမ်အတွက် မြန်မာကျပ်ငွေ ကျပ်နှစ်သိန်းတိတိဖြင့် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ COVID-19 အား ကာကွယ်ရန် လေဆိပ်အဆောက်အအုံများ အားလုံးတွင် ခရီးသည်များနှင့် တာဝန်ကျ လေဆိပ်ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါပို့ဆောင်/ကြိုဆိုသူများ လေဆိပ်အတွင်းသို့ ဝင်ရောက်ခွင့်အား တားမြစ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်နှင့်အညီ ရန်ကုန်လေဆိပ် အဆောက်အအုံများ အတွင်းသို့ အများပြည်သူ ဝင်ရောက်ခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ အတွက် ခရီးသည်များအနေဖြင့် လေဆိပ် အဆောက်အအုံအားလုံး၏ ဝင်ထွက်ပေါက်များရှိ တာဝန်ကျ ဝန်ထမ်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် ပေးပါရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ယင်းပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ COVID-19 အားကာကွယ်ရန် ပိုးသတ်ဆေးနှင့် အသေးစိတ် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး Terminal 1 နှင့် Terminal 3 ရှိ ဂိတ်အချို့နှင့် လေဆိပ် ကားပါကင်နှင့် လေဆိပ်အဆောက်အုံအား ဆက်သွယ်ထားသည့် Sky Link အား ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။
COVID-19 ရောဂါပိုးသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ကူးစက်ပြန့်ပွားခဲ့ပြီး မတ် ၁၁ ရက်တွင် COVID-19 ရောဂါဖြစ်ပွား ပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ် ကြေညာခဲ့သည်။ အဆိုပါရောဂါ စတင်ကူးစက် ပြန့်ပွားသည့် ဇန်နဝါရီလမှ စတင်ကာ ရန်ကုန်လေဆိပ်အတွင်း ကြိုတင်ကာကွယ်မှုများ အနေဖြင့် ပိုးသတ်ဆေးများနှင့် အသေးစိတ်သန့်ရှင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး ပိုးသတ်ခြင်းနှင့် အပူချိန်တိုင်းတာခြင်း လုပ်ငန်းစဉ်များနှင့် ကျန်းမာရေး အသိပညာပေး အစီအစဉ်များ လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့် လုပ်ဆောင်နေကြောင်း သိရသည်။















