စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် နယ်စပ် ဝေဘူလဒေသအတွင်း သတ္တုတူးဖော်ခွင့်၊ စမ်းသပ်ရှာဖွေခွင့်များကို ချင်းပြည်နယ် အစိုးရအဖွဲ့က ချထားပေးခြင်းမရှိဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။
“ကျွန်တော်တို့ သိတာကတော့ တရားဝင် လုပ်ပိုင်ခွင့်တော့ ပေးမထားဘူး။ စိုက်ပျိုးရေးနဲ့ သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါးနဲ့လည်း တွေ့ပြီးတော့ အဲဒီနားမှာ အဲဒီလိုတူးတာရှိတယ်လို့ သိရတယ်ဆိုတော့ သူတို့ဆီက တရားဝင်ပေးတာ မရှိဘူးလို့ သိရတယ်။ အဆောက်အအုံတွေဆောက် မြေတွေရှင်းထားတာ ပြည်နယ်အဆင့်ကနေ တရားဝင် လုပ်ပိုင်ခွင့်ပေးထားတာ မရှိဘူး။ ပြည်ထောင်စုက ပေးမယ်ဆိုရင်လည်း ပြည်နယ်ကို အကြောင်းကြားတာ တော့ ရှိမှာပဲ။ ဒါကို ပြန်လည် စိစစ်မယ်လို့ပြော ပါတယ်။ ကျွန်တော်တို့က စိုက်ပျိုးရေးနဲ့သစ် တောသယံဇာတဝန်ကြီးဌာနဘက်က ပေး ထားတာမရှိဘူးပြောတဲ့အတွက် အခြားဘယ် အဖွဲ့အစည်းနဲ့ ဘယ်လိုပတ်သက်ပြီး လုပ်နေ တယ်မသိဘူး။ကျွန်တော်တို့ ပြန်စိစစ်ဖို့လုပ် နေတယ်။ ချင်းပြည်နယ်အစိုးရကနေပြီးတော့ မှ အဲဒီနေရာကို တရားဝင်သတ္တုတူးဖော်ခွင့်၊ ရှာဖွေခွင့်သော်လည်းကောင်း၊ စမ်းသပ်ခွင့် သော်လည်းကောင်း ချပေးထားတာမရှိပါ ဘူး။ ပြည်ထောင်စုကနေ ချပေးထားတဲ့စာ လည်း ချင်းပြည်နယ်ကို ဝင်ထားတာ မရှိပါဘူး။ ရှိတယ်ဆိုလည်း သိရမှာပဲလေ။ ဝန်ကြီးကိုယ်တိုင် အဲဒီလို ပြောထားတဲ့အတွက် ဒါဟာတ ရားဝင်လုပ်ကွက်မဟုတ်လောက်ဘူး။ သက် ဆိုင်ရာဌာနကနေ ကွင်းဆင်းပြီး လိုအပ်တာ တွေ ဆောင်ရွက်ပါ့မယ်။ တရားမဝင်တူးဖော် တဲ့အတွက် ကချင်ပြည်နယ် ဖားကန့်မှာဆိုရင် လည်း မြေပြိုဒုက္ခရောက်နေတာတွေ အများ ကြီးရှိနေတာ။ ပြည်နယ်အဆင့်ကလည်း လုပ်ထားတာမရှိဘူး။ ပြည်ထောင်စုကလည်း မဟုတ်ဘူးဆိုရင် ပြန်စိစစ်ပြီး အရေးယူဆောင် ရွက်မှုတော့ လုပ်လိမ့်မယ် ထင်ပါတယ်” ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် ဝေဘူလဒေသအတွင်း အဆောက်အအုံများ ဆောက်လုပ်နေခြင်း၊ မြေနေရာများ ရှင်းလင်းနေခြင်းကြောင့် ဒေသခံပြည်သူများက ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီထံသို့ ကန့်ကွက်စာများ ပေးပို့ခဲ့မှုကြောင့် ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ ကွင်း ဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်ဟု သိရသည်။
“စစ်ကိုင်းတိုင်းနယ်မြေ ဧရိယာထဲမှာ အဆောက်အအုံ လာဆောက်တယ်။ သတ္တုတူးဖော်ဖို့ ပြင်ဆင်တယ်ဆိုပြီး အဲဒီအနားမှာနေတဲ့ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ဒေသခံပြည်သူတွေက ခရိုင်စီခန့်ကို တင်ပြီးတော့ ကန့်ကွက်တာပေါ့။ ဒီဟာကို ခရိုင်စီခန့်က အဖွဲ့တွေ ရယ် သတ္တုတွင်း ဝန်ကြီးဌာနရယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရာဝန်ကြီး၊ အဖွဲ့စုံသွားကြတာပေါ့။ လက်ရှိမှာတော့ အဲဒီကုမ္ပဏီက အဲဒီနေရာမှာ အဆောက်အအုံတွေ ဆောက်ထားတယ်။ နယ်မြေရှင်းလင်းတာတွေ လုပ်ထားတယ်။ သွားစစ်ဆေးတော့ သူတို့မှာ အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်ဘူး။ အဲဒီနယ်မြေတွေက စစ်ကိုင်းတိုင်းနဲ့ချင်းပြည် နယ် နယ်စပ်နယ်မြေ ပြဿနာတက်နေတဲ့နေရာတွေ ဒီနေရာတွေကို စစ်ကိုင်းတိုင်းအစိုးရကရော ချင်းပြည်နယ် အစိုးရကရော အဆောက်အအုံတွေ မဆောက်ရဘူး။ တိုင်းထွာ မှုတွေ မလုပ်ရဘူးဆိုပြီး သဘောတူညီချက်ယူ ထားရတဲ့နေရာတွေ ဖြစ်တယ်။ ဒါကြောင့် အဲဒီအဆောက်အအုံတွေကို ဖယ်ရှားပေးဖို့အ တွက် စစ်ကိုင်းတိုင်းဘက်က သွားတဲ့သူတွေ ပြောဆိုတာ တွေ့ရတယ်” ဟု ဝေဘူလဒေသသို့ ကွင်းဆင်းစစ်ဆေးမှုတွင် အရပ်ဘက် အဖွဲ့အစည်း အနေဖြင့် ပါဝင်ခဲ့သူ ဦးကျော်သက်ဝင်းက ပြောကြားသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ် ဝေဘူလဒေသတွင် အဆောက်အအုံများ လာရောက် ဆောက်လုပ်နေသော ကုမ္ပဏီအမည်မှာ ဖိုးလမင်းသာသာ ကုမ္ပဏီဟု သိရှိရပြီး အဆောက်အအုံ ဆောက်လုပ်ခြင်း၊ မြေနေရာရှင်းလင်းခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။
“အဆောက်အအုံက ကြီးတယ်။ ရှင်းလင်းဆောင်ပုံစံမျိုး တစ်ဧကကျော်လောက် မြေညှိထားတယ်။ စီးယင်းကြိုးဝိုင်းထဲပါလို့ အဆောက်အအုံ ဆောက်မယ်ဆိုရင် ခွင့်ပြုမိန့်တွေ ခွင့်ပြုချက်တွေ လိုတယ်ပေါ့။ အဲဒီနေရာက ကလေးမြို့နေ စီသာကျေးရွာကို သွားရမယ်။ စီသာကျေးရွာထဲကနေသွားရင် ဆိုင်ကယ်လမ်းလည်း ပေါက်တယ်။ ဆက်သွားလို့ရတယ်” ဟု ဦးကျော်သက်ဝင်းက ဆက်လက် ပြောကြားသည်။















