မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်း စိမ်းလန်းစိုပြေစေရေးအတွက် အာဇာနည်နေ့ အောက်မေ့ဖွယ်အဖြစ် မီးပုံးပျံအသုံးပြုပြီး သစ်စေ့မြေလုံး၊ မျိုးစေ့မြေဆွေးလုံး Seed Ball တစ်သိန်းကျော် ကြဲချစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ Green Challenge အဖွဲ့ထံမှ သိရသည်။
အဆိုပါ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် မီးပုံပျံများဖြင့် မျိုးစေ့မြေဆွေးလုံး၊ သစ်စေ့မြေလုံးကြဲချခြင်း၊ လောက်လေးခွ အသုံးပြု၍ သစ်စေ့မြေလုံးကြဲချခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သစ်စေ့မြေလုံးများ ကြဲချခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းကို Green Challenge အဖွဲ့နှင့် မြို့ချစ်မီး မီးပုံးပျံအသင်းတို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်သွားရန်အတွက် သက်ဆိုင်ရာဌာနများကို တရားဝင်စာတင်၍ လုပ်ဆောင်မည်ဖြစ်ကြောင်း Green Challenge အဖွဲ့ဝင် မီးပုံးပျံပညာရှင် ကိုသူရက ပြောကြားသည်။
“ကျွန်တော်တို့ မီးပုံးပျံသုံးလုံးလွှတ်တင်ပြီး ကြဲချဖို့ အစီအစဉ်ရှိတယ်။ အာဇာနည်နေ့က ပထမဦးဆုံး အလုံးပေါ့ဗျာ။ ရဲရွာ - ပြင်စာလမ်းကို ရွေးချယ်ထားပါတယ်။ ကျွန်တော်တို့ လေတိုက်နှုန်းကိုကြည့်ပြီး အဲဒီနေရာကို ရွေးထားခြင်းဖြစ်ပါတယ်။ တောင်ဘက်က တိုက်တာဆိုတော့ ကျွန်တော်တို့နေတဲ့ဘက် မီးပုံးပျံက ပျံလာမှာလေ၊ အဲဒီမှာ တောက်လျှောက် တောထဲကို ကြဲချမှာဆိုတော့ အဲဒီနေရာကို ယူလိုက်တာပါ။ မီးပုံပျံအောက်မှာ ယမ်းခွေရှိတယ်။ ကျွန်တာ်တို့က ယမ်းမချိတ်ဘဲ သစ်စေ့မြေလုံး အလုံးလေးတွေ ကြိုးနဲ့တောက်လျှောက် ခုနစ်ဆင့်လုပ်ပြီး ချီပြီးတော့မှ ယမ်းစနစ်နဲ့ ဖြတ်ချမှာပေါ့။ နောက်ထပ် အလုံးတစ်သိန်းလောက်ကို လေးခွနဲ့ပစ်ကြမှာ။ မီးပုံးပျံကလည်း ကြဲချမယ်။ အပြန်လမ်းမှာ လမ်းဘေးဘယ်ညာကို လေးခွနဲ့ ပစ်ကြဲကြမှာပေါ့။ အဲဒီလိုလုပ်ဖို့ကို တရားဝင်စာတင်ပြီး လုပ်မှာပါ။ မြို့နယ်ထွေအုပ်၊ ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံကျင်းပရေး ဦးစီးကော်မတီ၊ သစ်တောကို စာတင်မယ်။ မီးပုံးပျံမှာ ရန်ကုန်ကအာဇာနည်ဗိမာန်ပုံ၊ သစ်တောပုံ၊ နောက်ပြီးလုပ်ရတဲ့ ရည်ရွယ်ချက်တွေပါမယ်။ မီးပုံးပျံကိုယ်ထည်မှာ ပန်းချီဆွဲပါမယ်။ ကိုယ်ထည်မှာ သုံးခြမ်းရေးဆွဲမယ်။ မျိုးစေ့အလုံးရေ တစ်သိန်းကျော် ကြဲချမယ်။သူများတွေ လေယာဉ်ပျံပေါ်ကနေ ကြဲချကြတယ်။ ကျွန်တော်တို့ ပြင်ဦးလွင်မှာကျတော့ ပံ့ပိုးမယ့်သူမရှိဘူး။ ကိုယ်မြို့အတွက် တတ်နိုင်တဲ့ဘက်ကနေ လုပ်တာပါ။ ကျွန်တော်တို့ တစ်လကို မီးပုံးပျံတစ်လုံး လွှတ်မှာပါ။ သုံးလုံး လွှတ်ပါမယ်။ ၇ လ ၈ လ ၉ လ သုံးလ လွှတ်တင်ကြဲချမှာပါ” ဟု Green Challenge အဖွဲ့ဝင် မီးပုံးပျံပညာရှင် ကိုသူရက ပြောကြားသည်။
ပထမအကြိမ် မီးပုံးပျံချိတ်ဆွဲလွှတ်တင် ကြဲချခြင်းကို လာမည့်အာဇာနည်နေ့တွင် (ပြင်စာ-ရဲရွာလမ်း) လမ်း၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မီးပုံးပျံချိတ်ဆွဲ လွှတ်တင်ကြဲချခြင်းကို သြဂုတ် ၂ ရက်သို့ မဟုတ် သြဂုတ် ၂၅ ရက်တွင် ပြင်ဦးလွင် အတက်လမ်း (၁၉ မိုင် မီးသတ်ဘုရား) ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတိယမီးပုံးပျံ ချိတ်ဆွဲလွှတ်တင်ကြဲချခြင်းကို စက်တင်ဘာ ၆ ရက် သို့မဟုတ် စက်တင်ဘာ ၂၇ ရက်တွင် ပြင်ကြီးကျေးရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















