ပုလဲမြို့နယ် မြကုန်းကျေးရွာတွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဆောက်လုပ်ရန် လျာထားမြေနှင့် ပတ်သက်၍ လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွွားခဲ့ပြီး ဒေသခံတစ်ဦး ရော်ဘာကျည် ထိမှန်မှု ဖြစ်ပွား

ပုလဲမြို့နယ် မြကုန်းကျေးရွာတွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဆောက်လုပ်ရန် လျာထားမြေနှင့် ပတ်သက်၍ လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွွားခဲ့ပြီး ဒေသခံတစ်ဦး ရော်ဘာကျည် ထိမှန်မှု ဖြစ်ပွား
ရဲတပ်ဖွဲ့နှင့် ဒေသခံများကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ရဲတပ်ဖွဲ့နှင့် ဒေသခံများကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
Published 7 July 2020
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မြကုန်းကျေးရွာတွင် ဇူလိုင်  ၇ ရက် နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေးဂိတ် ဆောက်လုပ်ရန် လျာထားမြေနှင့် ပတ်သက်၍ လုံခြုံရေး ယူပေးသော ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး ရော်ဘာကျည် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာတွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဆောက်လုပ်ရန်အတွက် လိုအပ်ကြောင်း အိန္ဒိယနိုင်ငံကနေ အခွန်မဲ့ကုန်စည်များ၊ မူးယစ်ဆေးဝါးများ၊ သစ်မှောင်ခိုများ၊ လက်နက်မှောင်ခို တင်သွင်းမှုများနှင့် တရားမဝင်လမ်းအဖြစ် အသုံးပြုနေကြသည့် အတွက် အဆိုပါအပေါ် စိုးရိမ်မိကြောင်း ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ဆိုသည်။

“ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ဒါကလိုအပ်တယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကလည်း ဆက်စပ်တယ်။ ကလေး-ဂန့် ဂေါဘက်ရယ် အိန္ဒိယ တမူးဘက်တွေကနေ ဆင်းလာတဲ့ ကုန်စည်တွေပေါ့နော်။ အခွန်မဲ့ ကုန်စည်တွေပါတယ်။ မူးယစ်ဆေးဝါးတွေပါတယ်။ သစ်မှောင်ခိုတွေပါတယ်။ နောက်ဆုံးအဆင့် လက်နက်မှောင်ခို ကိစ္စတွေကအဆင့် ဒီလမ်းကြောပေါ်ကနေ အစစ်ဆေးမရှိ သွားလာတယ်ဆိုတော့ ဒီအပေါ်မှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ကျွန်တော်တို့ တစ်မြို့နယ်ထဲအတွက် စိုးရိမ်တာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတွက် စိုးရိမ်ရမယ့် အနေအထားပေါ့။ ဒီလိုလုပ်လိုက်မှ အိန္ဒိယဘက်ကနေလာတဲ့ တရားမဝင် ကိစ္စတွေကို တားဆီးနိုင်မယ်” ဟု ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောကြားသည်။

ပုလဲမြို့နယ် မြကုန်းကျေးရွာတွင် ပူးပေါင်း စစ်ဆေးရေးဂိတ် ဆောက်လုပ်မည့်အပေါ် ဒေသခံများက လက်မခံနိုင်ကြောင်း အဆိုပါ စစ်ဆေးရေးဂိတ် တည်ဆောက်မည့် မြေနေရာသည် ကျေးရွာပိုင် မြေနေရာသာ ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါနေရာကို လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ဒေသခံတစ်ဦး ရော်ဘာကျည် ခုနစ်ချက်ထက်မနည်း အပစ်ခံခဲ့ရကြောင်း ပုလဲမြို့နယ် မြကုန်းကျေးရွာတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

“ဒီအပိုင်းမှာ အချက်နှစ်ချက်ရှိတယ်။ ပထမအချက်ကတော့ ဒီစစ်ဆေးရေးဂိတ် မြေနေရာဟာ ကျေးရွာပိုင် မြေနေရာ ဖြစ်တဲ့အတွက် ဒေသခံ ကျေးရွာသားတွေက လုံးဝမှကို လက်မခံပါဘူး။ ဒါပေမဲ့ အစိုးရက ဒီနေရာမှာ စစ်ဆေးရေးဂိတ်ကို လုပ်ကိုလုပ်မယ် ဆိုရင်တော့ ဒေသခံတွေရဲ့ သဘောထားကတော့ ဒေသခံတွေ ပိုင်နက်ထဲမှာ ဖြစ်တဲ့အတွက်ကြောင့် ကျေးရွာရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေရဖို့ရာ ဒေသခံ ကျေးရွာသားတွေ ညှိနှိုင်းပေးစေချင်တယ်။ နောက်ပြီးတော့ ကာလပေါက်စျေးနဲ့ ရွာကိုပြန်ပြီးတော့ အထောက်အကူ ပြုသင့်ပါတယ်။ အဲဒီလို မလုပ်တဲ့အတွက် အခုလိုပြဿနာတွေဟာ အစဉ်ရှည်နေရတာပါ။ အပစ်ခံရတဲ့ သူရဲ့ခန္ဓာကိုယ်မှာ ခုနစ်ချက်လောက် အပစ်ခံရတယ်။ ဒါကတော့ ကျွန်တော်တို့ သတင်းအရ  သိရတာပါ။ ခြေထောက်ရယ် ဆီးခုံရယ်စတဲ့ နေရာတွေမှာ မှန်ပါတယ်။ သူက အခုဆေးရုံမှာ တင်ထားရပါတယ်။ အခုက ဆေးစစ်ချက် ယူနေတုံးဆိုတော့ စိုးရိမ်ရလား မစိုးရိမ်လား ဆိုတာတော့ မသိရသေးပါဘူး” ဟု ပုလဲမြို့နယ် မြကုန်းကျေးရွာတွင် နေထိုင်သူတစ်ဦး က ဆက်လက် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံ ကျေးရွာသားအချို့ကို ယာယီဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း အဆိုပါကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့၏ အမိန့်ညွှန်ကြားလာမှုအပေါ် မူတည်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးမှုး ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

“ပထမတစ်ခေါက်တုန်းကတော့ ဒေသခံကျေးရွာသား အချို့ကို အမှုဖွင့်ထားတယ်။ နောက် ဒုတိယအကြိမ် လုပ်တော့လည်း ဒေသခံကျေးရွာသား လေးယောက်ထက်မနည်း အရေးယူထားတယ်။ အရေးယူမှာကတော့ အများကြီးပါပဲ။ သို့သော်လည်းပဲ ဒါလေးများ အဆင်ပြေမလားလို့ ကျွန်တော်တို့ဘက်က အလျော့ပေးတယ်။ ဒီကိစ္စကို ကျွန်တော်တို့က အဆင်ပြေပြေလေး သွားချင်တဲ့အတွက် ထိထိရောက်ရောက် မလုပ်သေးဘူး။ နောက်မှပဲ အမှုဖွင့် အရေးယူမယ်ဆိုပြီး ယာယီဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ သူတွေကို ခံဝန်ကတိလက်မှတ် ထိုးခိုင်းပြီးတော့ ပြန်လွှတ်လိုက်တယ်။ လုပ်သင့်လုပ်ထိုက်တာကို ညွှန်ကြားလာပြီ ဆိုရင်တော့ ကျွန်တော်တို့ကတော့ လုပ်ရမယ့် အနေအထားမျိုး ရှိပါတယ်။ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အပေါ် မူတည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းမာပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

သက်ဆိုင်ရာမြို့နယ် အာဏာပိုင်အဖွဲ့တို့၏ မှတ်တမ်းများတွင် ဒေသခံ ကျေးရွာသားများက ဆူပူဆောင်ရွက် အော်ဟစ်ဟန့်တားခြင်း၊ ခဲဖြင့်ပစ်ပေါက်ခြင်းများကို ဒေသခံကျေးရွာသားဘက်က လုပ်ဆောင်ခဲ့ကြောင်း အလားတူ လုံခြုံရေးဆောင်ရွက်နေသူ ဒုတပ်ကြပ်တစ်ဦး ကိုင်ဆောင်သော သေနတ်အား ဝင်လုယူခဲ့သောကြောင့် ဒုတပ်ကြပ်တစ်ဦးက ပြန်လည်လုယူရာကနေ ပြောင်းချောသေနတ်မှ ရော်ဘာကျည်သည် မြေကြီးပေါ်သို့ ကျရောက်ခဲ့ပြီးစင်ကာ ဒေသခံကျေးရွာသား တစ်ဦး၏ ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့သည်ဟု ဖော်ပြထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆူပူအုံကြွအောင် ကျေးရွာသူ/ရွာသားများကို သွေးထိုးလှု့ံဆော်ခြင်း၊ ဦးဆောင် ကန့်ကွက်ခြင်း ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent