ရေကြီးနစ်မြုပ်မှုဒဏ်ကို မကြာခဏ ခံရသည့် မြေပုံမြို့နယ်ရှိ ရက်ချောင်းစစ်ဘေးရှောင် စခန်းတွင် ရေတက်ချိန် ယာယီခိုလှုံနိုင်မည့် အဆောက်အအုံ အမြင့်တစ်ခု တည်ဆောက်ရန် လိုအပ်နေ

ရေကြီးနစ်မြုပ်မှုဒဏ်ကို မကြာခဏ ခံရသည့် မြေပုံမြို့နယ်ရှိ ရက်ချောင်းစစ်ဘေးရှောင် စခန်းတွင် ရေတက်ချိန် ယာယီခိုလှုံနိုင်မည့် အဆောက်အအုံ အမြင့်တစ်ခု တည်ဆောက်ရန် လိုအပ်နေ
ရေနစ်မြုပ်နေသည့် ရက်ချောင်း စစ်ဘေးရှောင်စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ - Mrata Zaung)
ရေနစ်မြုပ်နေသည့် ရက်ချောင်း စစ်ဘေးရှောင်စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ - Mrata Zaung)
Published 7 July 2020

ရေကြီးနစ်မြုပ်မှုဒဏ်ကို မကြာခဏ ခံနေရသည့် မြေပုံမြို့နယ်ရှိ ရက်ချောင်းစစ်ဘေးရှောင် စခန်းတွင် ရေတက်ချိန် ယာယီခိုလှုံနိုင်မည့် အဆောက်အအုံ အမြင့်တစ်ခု တည်ဆောက်ရန် လိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီနေသူများထံမှ သိရသည်။

“ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ ရေမြုပ်တာ ဒီတစ်မိုးမှာ နှစ်ခါရှိပြီ။ မိုးကြီးရင် တောင်ရေ အကျများတယ်။ ချောင်းထဲက ဒီ ရေတက်လာတဲ့ အချိန်ဖြစ်နေရင် ဒီရေနဲ့ တောင်ကျရေ ထိပ်တိုက်တိုးပြီး တောင်ကျရေ ဟာ မြစ်ထဲမစီးတော့ဘဲ ကမ်းပေါ်လျှံတက် လာတဲ့အခါ ရက်ချောင်း ဒုက္ခသည်စခန်းကို ရေဝင်လာပြီး နေအိမ်တွေ ရေနစ်မြုပ်ကုန် တယ်။ခြောက်လပိုင်း ပထမပတ်မှာ တစ်ကြိမ် ရေဘေးဒဏ်ကို ခံခဲ့ရပြီးပြီ။ အခု ခုနစ်လပိုင်း ပထမပတ်မှာဒုတိယအကြိမ် ရေနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ မိုးများတဲ့ ရက်တွေဆို စခန်းက လူတွေ ထပ်ပြီး ထွက်ပြေးနေရမယ့် အခြေအနေ ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ မိခင်တွေ၊ နာမကျန်းသူတွေနဲ့ ကလေးငယ်တွေ အတွက် အသက်အန္တရာယ် စိုးရိမ်စရာရှိတယ်။  စခန်းကို တခြားနေရာ ပြောင်းရွှေ့ဖို့လည်း မြေမရှိဘူး။ ရေဘေးအ တွက် ဖြေရှင်းစရာနည်းလမ်းကတစ်ခုသာရှိ တယ်။ ရေလွတ်နိုင်လောက်တဲ့ ခပ်မြင့်မြင့် ယာယီအဆောင် တစ်ဆောင် ဆောက်လုပ်ပြီး ရေတက်လာရင် အဆောင်ပေါ် ပြောင်းနေရမယ်” ဟု စစ်ဘေးဒုက္ခသည်များကို အကူအညီ ပေးနေသည့် မြတန်ဆောင်း ဆရာတော်က မိန့်ကြားသည်။

ရေဘေးအတွက် ယာယီခိုလှုံနိုင်ရန် ဆောက်လုပ်မည့် အဆောင်မှာ အလျား ပေ ၆၀ အနံပေ ၃၀ ခန့် ရှိရမည်ဖြစ်ပြီး လူ ၄ဝဝခန့် တက်ရောက်နေထိုင် နိုင်အောင်အထိ ခိုင်ခံ့ရမည်ဖြစ်သဖြင့် ၃၅ သိန်းဝန်း ကျင် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းနှင့် အလှူရှင်များ လိုအပ်လျက် ရှိကြောင်းလည်း မြတန်ဆောင်း ဆရာတော်ထံမှ သိရသည်။

ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှ စတင်ကာ စခန်းအတွင်း ရေဝင်လာသည့်အတွက် စခန်းမှ ဒုက္ခသည်အားလုံးကို အနီးရှိ လေးတောင်ရွာသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ရေပြန်ကျသွားပြီ ဖြစ်သဖြင့် စခန်းသို့ ပြန်လည်ပြောင်းရွှေ့နေပြီ ဖြစ်သော်လည်း ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် နေအိမ်တချို့ ပျက်စီးခဲ့ရကာ ရိက္ခာများရေနှင့် မျောပါသွားသည့်အတွက် စားနပ်ရိက္ခာ လိုအပ်လျက် ရှိကြောင်းလည်း သိရသည်။

မြတန်ဆောင်း ဖောင်ဒေးရှင်းက ရေဘေးနှင့် ကြုံတွေ့ခဲ့ရသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နေသော ရက်ချောင်း စစ်ဘေးရှောင်စခန်း ရှိစစ်ဘေးရှောင် မိသားစုများအား စားနပ်ရိက္ခာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရက်ချောင်း ဒုက္ခသည်စခန်းတွင် မြေပုံ၊ မင်းပြား၊ မြောက်ဦးမြို့နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် အိမ်ထောင်စုပေါင်း ၁၁၀ ကျော်၊ လူဦးရေ ၄၅၀ ကျော်တို့ နေထိုင်နေကြကြောင်း သိရသည်။

Most Read

Most Recent