မန္တလေးမြို့တွင် ကိုယ်အပူချိန် လွန်ကဲကာ လဲကျသေဆုံးခဲ့သည့် အမျိုးသမီးကို COVID-19 သံသယ လူနာစာရင်းသွင်းပြီး ရောဂါပိုးရှိမရှိ စစ်ဆေးထား

မန္တလေးမြို့တွင် ကိုယ်အပူချိန် လွန်ကဲကာ လဲကျသေဆုံးခဲ့သည့် အမျိုးသမီးကို COVID-19 သံသယ လူနာစာရင်းသွင်းပြီး ရောဂါပိုးရှိမရှိ စစ်ဆေးထား
Published 7 July 2020
မင်းသန့်၊ မင်းလတ်

မန္တလေးမြို့ ကျွဲဆည်ကန်ကားကြီး ဝင်းအနီး လမ်းဘေးပလက်ဖောင်းပေါ်တွင် ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက အသက် ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦး ကိုယ်အပူချိန် မြင့်တက်ကာ သတိလစ် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ အမျိုးသမီးကို COVID-19 သံသယလူနာစာရင်း ထည့်သွင်းကာ ရောဂါပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးချက် ရယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွဲဆည်ကန် ကားကြီးဝန်းအနီး ရန်ကုန်-မန္တလေးကားလမ်းဆုံ မီးပွိုင့်လမ်းဘေး ပလက်ဖောင်းပေါ်တွင် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သတိလစ် လဲကျနေကြောင်း ပတ်ဝန်းကျင်မှ သတင်းပေးပို့မှုအရ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အနော်မာ လူမှုကူညီရေး အသင်းမှ လူနာအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ စဉ့်ကိုင်မြို့နယ်မှဖြစ်ကြောင်း သိရပြီး ယင်းသို့ လဲကျမှုဖြစ်ပွားနေစဉ် COVID-19 ကာလ ဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင်မှ အနီးကပ် ကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲ မြို့နယ်တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ဆက်သွယ်အကြောင်းကြားမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က “ဘာကြောင့် သေဆုံးတယ် ဆိုတာတော့ မသိရသေးဘူး။ အခုချိန်မှာ ရုတ်တရက် သေဆုံးခဲ့တာမို့ သံသယလူနာစာရင်း ထည့်ထားတယ်။ ပြီးတော့ ဆေးစစ်ချက် ယူထားတယ်။ အဖြေမထွက်သေးပါဘူး” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ သေဆုံးခဲ့သူ အမျိုးသမီး၏ ဓာတ်ခွဲနမူနာကို ရယူ၍ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပို့ဆောင်ကာ COVID-19 ရောဂါပိုး ရှိမရှိ အဖြေကို စစ်ဆေးထားခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent