လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မိမိအသင်းအနေဖြင့် စျေးကွက်အတွင်း လှုပ်ရှားမည်မဟုတ်သော်လည်း စိုးရိမ်ပူပန်စရာ မရှိကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်း၏ ပြိုင်ဘက်အသင်းကြီးများဖြစ်သော ချယ်လ်ဆီး၊ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ် အစရှိသည့်အသင်းများမှာ ကစားသမားသစ်ခေါ်ယူမှုများအတွက် စတင်လှုပ်ရှားနေပြီဖြစ်သော်လည်း လီဗာပူးလ်အသင်းမှာ လှုပ်ရှားမှုမရှိသဖြင့် မီဒီယာများက မေးမြန်းခဲ့ရာ ကလော့ပ်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က လက်ရှိအသင်းမှ ကစားသမားများအား ကျေနပ်အားရမှု အပြည့်ရှိကြောင်း၊ အသင်းတွင် အရည်အသွေးရှိလူငယ်ကစားသမားများလည်း ရှိနေခြင်းကြောင့် အသင်းကို ငွေကုန်ကြေးကျခံကာ အားဖြည့်တင်းရန် မလိုအပ်သေးကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။









