ဥရောပဝင်ခွင့်(၂)ရာသီ ပိတ်ပင်ခံထားရသည့် မန်စီးတီးအသင်း၏ ပြစ်ဒဏ်အယူခံ ယခုဇူလိုင်(၁၃)ရက်နေ့တွင် အဖြေသိရမည်

ဥရောပဝင်ခွင့်(၂)ရာသီ ပိတ်ပင်ခံထားရသည့် မန်စီးတီးအသင်း၏ ပြစ်ဒဏ်အယူခံ ယခုဇူလိုင်(၁၃)ရက်နေ့တွင် အဖြေသိရမည်
Photo: The National
Photo: The National
Published 2 July 2020

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ချမှတ်ထားသည့် ဥရောပဝင်ခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်အား မန်စီးတီးအသင်းက နိုင်ငံတကာအားကစားခုံရုံး(CAS)သို့ အယူခံဝင်ထားရာ ယင်းအယူခံအဖြေအား ယခုဇူလိုင်(၁၃)ရက်နေ့ တွင် သိရှိရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

UEFA သည် မန်စီးတီးအသင်းအား ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP) ချိုးဖောက်ခဲ့သည်ဟုဆိုကာ ဥရောပဝင်ခွင့် (၂)ရာသီပိတ်ပင်သည့်ပြစ်ဒဏ်နှင့်ဒဏ်ငွေ ယူရိုသန်း(၃၀)(ပေါင် ၂၇ သန်း) ချမှတ်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် CAS ထံ ယခုနှစ်၊ မတ်လအတွင်းက အယူခံလွှာတင်သွင်းခဲ့ပြီး CAS တာဝန်ရှိသူများသည် ပြီးခဲ့သည့်ဇွန်လအတွင်းက (၃)ရက်ကြာ ကြားနာမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၀)ရက်နေ့က CAS တာဝန်ရှိသူများသည် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ''မန်စီးတီးအသင်း၏ အယူခံအား ဇွန်လ(၈)ရက်နေ့က စတင်ကြားနာခဲ့ပြီး ယနေ့တွင် ပြီးဆုံးခဲ့ကြောင်း၊ ကြားနာမှုအား Video Conference ပြုလုပ်ခဲ့ကြောင်း၊ CAS ရုံးတည်ရှိရာ ဆွစ်ဇာလန်နိုင်ငံ၊ လူဆာနေးမြို့မှ တာဝန်ရှိသူများနှင့် လန်ဒန်မြို့မှ တာဝန်ရှိသူများ ပါဝင်ကာ နိုင်ငံပေါင်းများစွာမှ သက်သေများကိုလည်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ကြားနာမှုကို သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင်ပြေချောမွေစွာ ပြုလုပ်နိုင်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ကျေနပ်မှုအပြည့်ရှိကြောင်း'' ဖော်ပြခဲ့သည်။

ကြားနာမှုမှ အဖြေရလဒ်ကို ဇူလိုင်လလယ်ပိုင်းတွင် ထုတ်ပြန်သွားမည်ဟုလည်း CAS က ကြေညာခဲ့သည်။ 

အစောပိုင်းက CAS သည် မန်စီးတီးအသင်း၏ အယူခံအဖြေအား ယခုဇူလိုင်(၁၀)ရက်နေ့တွင် ထုတ်ပြန်ရန် စီစဉ်ခဲ့သော်လည်း ယင်းနေ့တွင် ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲမည်ဖြစ်သဖြင့် UEFA တာဝန်ရှိသူများက CAS ၏ အယူခံအဖြေထုတ်ပြန်မှုကို နောက်ဆုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ 

သို့ဖြစ်ရာ CAS သည် ယင်းအဖြေကို နောက်(၃)ရက်သို့ ဆုတ်ကာ ဇူလိုင်(၁၃)ရက် နေ့တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် ရီးယဲလ်အား အဝေးကွင်း၌ (၂-၁)ဂိုးဖြင့် အနိုင်ရထားပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်းနေသည်။ 

မန်စီးတီးအသင်းအနေဖြင့် အယူခံရှုံးနိမ့်ပြီး လာမည့်ရာသီ ဥရောပဝင်ခွင့် ဆုံးရှုံးခဲ့ပါက ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၅)နေရာ ရပ်တည်မည့်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့်(၈)နေရာမှအသင်းအထိ ယူရိုပါလိဂ်ဝင်ခွင့်ရဖွယ်ရှိနေသည်။

Most Read

Most Recent