ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဂျီနိုအာနှင့်ပွဲတွင် (၁)ဂိုးသွင်းယူပြီးနောက် ကစားသမားဘဝ သွင်းဂိုး(၇၄၆)ဂိုးအထိ ရှိလာခဲ့ပြီး ဘောလုံးစာရင်းအင်းအ ဖွဲ့အစည်း(RSSSF)က သတ်မှတ်သည့် ထာဝရဂိုးသွင်း အများဆုံးစာရင်း၌ စတုတ္ထနေရာသို့(ဟန်ဂေရီဂန္ထဝင် ပွတ်ရှ်ကပ်စ်နှင့်ပူးတွဲ) ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ဂျီနိုအာအသင်းအား (၃-၁) ဂိုးနှင့် အနိုင်ရသည့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအတွက် ဒုတိယဂိုးအား ဒုံးပျံကန်ချက်ဖြင့် ပယ်နယ်တီဧရိယာအပြင်ဘက်မှ လှလှပပသွင်းယူခဲ့သည်။
အဆိုပါဂိုးကြောင့် စီရော်နယ်လ်ဒို၏ ယခုရာသီစီးရီးအေသွင်းဂိုးမှာ (၂၄) ဂိုးအထိ ရှိလာခဲ့သည်။
ထို့ပြင် ၎င်း၏ ကစားသမားဘဝ တစ်လျှောက် သွင်းဂိုးမှာ (၇၄၆)ဂိုးရှိလာပြီး RSSSF ၏ စာရင်းတွင် စတုတ္ထနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် အဆိုပါဂိုးပမာဏအား သွင်းယူနိုင်ရန် ပွဲပေါင်း(၁၀၄၁)ပွဲ ကစားခဲ့ရပြီး ထိုပွဲပမာဏမှာ RSSSF ၏ စာရင်းမှ ထိပ်ဆုံး(၇)ယောက်အနက် အများဆုံးပမာဏလည်း ဖြစ်သည်။
RSSSF ၏ စာရင်းတွင် ထိပ်ဆုံးနေရာမှ ဦးဆောင်နေသူမှာ ပရိသတ်နှင့် ရင်းနှီး မှုနည်းပါးသည့် ယိုဆက်ဖ်ဘီကန်ဖြစ်သည်။
သြစတြီးယားကလပ်များတွင် ကျင်လည်ခဲ့သူ ဘီကန်သည် ''Wunderteam'' ဟု နာမည်ကျော်သည့် သြစတြီးယားလက်ရွေးစင်အသင်းနှင့် ချက်ကိုဆလိုဗက်ကီးယားအသင်းများတွင် ပါဝင်ကစားခဲ့သည်။
၎င်း၏ တရားဝင်သွင်းဂိုး အရေအတွက်မှာ (၈၀၅)ရှိပြီး အတည်မပြုနိုင်သည့် သွင်းဂိုးများပါ ထည့်သွင်းတွက်ချက်ပါက (၁၄၅၀)ဂိုးရှိကြောင်း သိရသည်။
ဒုတိယနေရာတွင် ဘရာဇီးလ်ဂန္ထဝင် ရိုမာရီယိုက ရပ်တည်နေပြီး (၉၉၄)ပွဲတွင် (၇၇၂)ဂိုး သွင်းယူထားသည်။
ဘရာဇီးလ်ဂန္ထဝင်ပင်ဖြစ်သည့် တိုက်စစ်မှူးကြီး ပီလီက (၈၃၁)ပွဲတွင် (၇၆၇)ဂိုး သွင်းယူထားပြီး အဆိုပါစာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသည်။
တစ်ပွဲပျမ်းမျှပမာဏဖြင့် နှိုင်းယှဉ်ပါက ဘစ်စကန်က တစ်ပွဲပျမ်းမျှ(၁.၅၁)ဂိုးနှုန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေကာ ၎င်း၏နောက်တွင် ပွတ်ရှ်ကပ်စ်(၀.၉၉)၊ ပီလီနှင့် ဂတ်မူလာ(၀.၉၂)၊ မက်ဆီ(၀.၇၉)တို့ အစဉ်လိုက် ရပ်တည်နေပြီး စီရော်နယ်လ်ဒိုမှာမူ (၀.၇၂)သာ ရှိကြောင်း သိရသည်။
မက်ဆီနှင့်စီရော်နယ်လ်ဒိုတို့မှာ အဆိုပါစာရင်း၏ ထိပ်ဆုံး(၇)ဦးဝင် ကစားနေဆဲသူများဖြစ်ပြီး ၎င်းတို့နှင့် အနီးဆုံးတွင် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် (၅၄၇)ဂိုး၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး (၄၈၂)ဂိုးတို့ ရှိနေကြောင်း သိရသည်။









