အဂတိကို ပြည်သူ လက်သင့်မခံခြင်း

အဂတိကို ပြည်သူ လက်သင့်မခံခြင်း
Published 2 July 2020

အဂတိလိုက်စားမှုဟူသည် အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီစံတန်ဖိုးများကို လှိုက်စားကာ အားနည်းသွားစေလျက် ပျက်သုဉ်းသွားစေနိုင်သော အရာဖြစ်သည်။ အဂတိလိုက်စားမှုက လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ် ပြု​​လေ့ရှိသည်။

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က လာဘ်ပေး လာဘ်ယူမှုကိုသာမက မိမိကိုယ်ပိုင် အကျိုးအမြတ်အတွက် အပ်နှင်းထားသော အာဏာကို အလွဲသုံးစားလုပ်မှုမှန်သမျှကို အဂတိလိုက်စားမှုဟု သတ်မှတ်သည်။ အဂတိလိုက်စားမှုသည် စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်ကြောင်း တွေ့ရှိရသည်။ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့၏ သုတေသနအရ အဂတိလိုက်စားမှုပို၍ လွှမ်းမိုးသောနိုင်ငံများသည် အဂတိလိုက်စားမှုလျော့နည်းသော နိုင်ငံများထက် ရင်းနှီးမြှုပ်နှံမှု ငါးရာခိုင်နှုန်းခန့် ပို၍နည်းကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က အဂတိလိုက်စားမှုသည် လုပ်ငန်းလုပ်ကိုင်ရန် ကုန်ကျစရိတ်ကို ပျမ်းမျှ ၁၀ ရာခိုင်နှုန်းအထိ မြင့်မားစေသည်ဟုလည်း ခန့်မှန်းခဲ့သည်။

နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို ကာကွယ်ရန် တာဝန်သိပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများအား ၎င်းတို့လုပ်ရပ်များနှင့် ပတ်သက်၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရေးအတွက် တောင်းဆိုရန် လိုအပ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများ မည်သည့်အရာများကို မည်သို့မည်ပုံလုပ်ဆောင်နေကြောင်း သိရှိရခြင်း မရှိပါက ၎င်းတို့အား မည်ကဲ့သို့ ယုံကြည်နိုင်ပါမည်နည်း။ ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အား ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရန် တောင်းဆိုရမည်ဖြစ်သည်။ အဂတိလိုက်စားမှုများကို ဖုံးကွယ်၍ မရနိုင်သော ပွင့်လင်းမြင်သာမှုမျိုးရှိမှသာ ပြည်သူများအနေဖြင့် ၎င်းတို့အား ယုံကြည်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များလည်း တိုးတက်နိုင်မည်ဖြစ်သည်။

အဂတိလိုက်စားမှုမြင့်မားခြင်းက နိုင်ငံတို့၏ စီးပွားရေးကို ဖိစီးနှိပ်စက်​ခြင်းမှာ အမှန်ဖြစ်သည်။ အဂတိလိုက်စားမှုတွင် တရားမဝင် မရိုးမသားမျှတမှုမရှိသော နည်းလမ်းများဖြင့် သက်ဆိုင်ရာ ရည်မှန်းချက်များရယူရန် ငွေအားဖြင့်လည်းကောင်း၊ လုပ်ပိုင်ခွင့်အားဖြင့်လည်းကောင်း အာဏာကို တလွဲအသုံးပြုမှု ပါဝင်သည်။ အဂတိလိုက်စားမှုက ဖိစီးနှိပ်စက်နေသည့် စီးပွားရေးများသည် စနစ်ကျသင့်လျော်စွာ အလုပ်မဖြစ်နိုင်တော့ပေ။ အဂတိလိုက်စားမှုသည် သဘာဝအတိုင်းရှိနေသည့် စီးပွားရေးဥပဒေသများကို လွတ်လပ်စွာ လုပ်ဆောင်ရန် တားဆီးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များ၌ အဂတိလိုက်စားမှုများရှိခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဆိုးကျိုးများ ခံစားရစေနိုင်သည်။

အဂတိလိုက်စားမှု များပြားသော စီးပွားရေးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှုလည်း နည်းပါးသည်။ တရားမျှတပြီး ယှဉ်ပြိုင်မှုရှိသည့် လုပ်ငန်းဝန်းကျင်တစ်ရပ်ကို ရှာဖွေသည့် ရင်းနှီးမြှုပ်နှံသူများသည် အဂတိလိုက်စားမှုနှုန်း မြင့်မားသည့်နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ရှောင်ရှားလိမ့်မည်သာဖြစ်သည်။  နိုင်ငံတစ်နိုင်ငံ၏ အဂတိလိုက်စားမှုအဆင့်နှင့် ယင်းနိုင်ငံ၏ လုပ်ငန်းဝန်းကျင်ဆိုင်ရာ ယှဉ်ပြိုင်မှုအတိုင်းအတာများ တိုက်ရိုက်ပတ်သက်လျက်ရှိကြောင်း ​လေ့လာချက်များက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သမာဓိရှိပြီး အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ခိုင်မာသော တာဝန်ခံမှုရှိသည့် ခေါင်းဆောင်များကိုသာ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ပြည်သူများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၌ အဓိကအခန်းကဏ္ဍမှနေ၍ ပါဝင်ရန်လိုပေသည်။ အဂတိလိုက်စားမှုနှုန်း မြင့်မားသည့်နိုင်ငံများ၌ နိုင်ငံ၏ အရင်းအနှီးအများစုသည် လက်တစ်ဆုပ်စာလူတစ်စု၏ လက်ဝယ်၌သာ ရှိနေမည်ဖြစ်ပြီး ပြည်သူအများစုသည် တစ်နေ့တခြား ဆင်းရဲတွင်း နက်သည်ထက်နက်၍သာ လာမည်ဖြစ်သည်။ ထို့ကြောင့်ပင် ပြည်သူတစ်ရပ်လုံးအနေဖြင့် အဂတိကို လက်သင့်မခံနိုင်ဖြစ်ရကာ အာဏာပိုင်တို့၏ အဂတိဆိုင်ရာ တိုက်ဖျက်မှုနှင့် ပွင့်လင်းမြင်သာမှုတို့အပေါ် မေးခွန်းထုတ် ဝေဖန်ကြရခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဇူလိုင် ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent