ကိုယ်စားလှယ်လောင်းများအနေဖြင့် နိုင်ငံရေးလုပ်စားသည်ဆိုသည်မျိုး မဖြစ်စေချင်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ကိုယ်စားလှယ်လောင်းများအနေဖြင့် နိုင်ငံရေးလုပ်စားသည်ဆိုသည်မျိုး မဖြစ်စေချင်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 27 June 2020
ဘိုဘိုမြင့်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် နိုင်ငံရေးလုပ်စားသည်ဆိုသည်မျိုး မဖြစ်စေချင်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

“ ကျွန်မတို ့နိုင်ငံက ဒီမိုကရေစီစနစ်ကို သွားနေတာဆိုတော့ အမြဲခံယူထားတာက ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲက ဒွန်တွဲနေတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်တိုင်းသည် မယှဉ်ပြိုင်ခင်ကတည်းက သူတို့သည် အများအကျိုး ဆောင်ရွက်ချင်တဲ့စိတ် ရှိရမယ်။ နိုင်ငံရေးထဲ ဝင်လာပြီဆိုကတည်းက ကိုယ့်ရဲ့အိုးအိမ်စည်းစိမ်တွေကိုလည်း ထားခဲ့၊ စွန့်လွှတ်ခဲ့နိုင်ရပါမယ်။ ကိုယ်အကျိုးကို ကိုယ်ကြည့်လို့ မရဘူး။ ဟိုးအရင်ကပြောကြသလို နိုင်ငံရေးလုပ်စားတယ်ဆိုတာမျိုး မဖြစ်စေရဘူး။ ကိုယ်ဟာ နိုင်ငံအတွက်ဖြစ်ရမယ်။ နိုင်ငံဟာ ကိုယ့်အတွက်မဖြစ်ရဘူး” ဟု ဒေါ်တင်အိက ပြောကြားသည်။

ကိုယ်စားလှယ်လောင်းတစ်ယောက်သည် ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးချယ်ခံမည်ဆိုပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ Mother Law ဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များ၊ ဥပဒေ၊ နည်းဥပဒေများကို လေ့လာထားရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်အရွေးချယ်ခံကြမည့် ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ကြေကြေညက်ညက် လေ့လာထားရမည့်အပြင် လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေများကို သိရှိအောင် လေ့လာထားစေချင်ပါကြောင်း ဒေါ်တင်အိက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ ဥပမာ ကိုယ်စားလှယ်လောင်းတစ်ယောက်သည် ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရပြီဆိုရင် သူသည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ရောက်မှာလား။ ဒါမှမဟုတ် ဥပဒေပြုရေးမဏ္ဍိုင်မှာပဲ ရှိမလားပေါ့။ အဲဒီတော့ ကိုယ်စားလှယ်အနေနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်သော ဥပဒေတွေ၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လေ့ကိုလေ့လာထားရပါမယ်။ ဒါမှလည်း ကိုယ်ကအုပ်ချုပ်ရေးဘက်မှာ တာဝန်ကျရင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှာဖြစ်သလို ဥပဒေပြုရေးဌာနဖြစ်တဲ့ လွှတ်တော်မှာ တာဝန်ထိမ်းဆောင်ရမယ်ဆိုရင်လည်း စွမ်းစွမ်းတမံဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေကို အရင်ဆုံးလေ့လာထားစေချင်ပါတယ်။  ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးဆိုတာ ဥပဒေနဲ့ အုပ်ချုပ်တာ ဖြစ်ပါတယ်။ အုပ်ချုပ်သူအပေါ်မှာ ဘယ်သူရှိလဲ။ ဥပဒေပဲ ရှိပါတယ်။ ဥပဒေအတိုင်း အုပ်ချုပ်နိုင်ဖို့ ကိုယ်စားလှယ်တွေအနေနဲ့ အသင့်ဖြစ်အောင် လေ့လာထားစေချင်ပါတယ်” ဟု ပြောကြားသည်။

“ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လို့ ကိုယ်စားလှယ်ဖြစ်လာပြီဆိုရင် ကြိုက်သလိုနေလို့ မရပါဘူး။ အချိန်ပြည့် ပြည်သူတွေအတွက်ဆိုတာ စိတ်ထဲမှာရှိရပါမယ်။ ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေရမယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊  အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချ ယုံကြည်စွာ နေထိုင်နိုင်ရေးအတွက်ကို ကိုယ်စားလှယ်တွေက စွမ်းစွမ်းတမံ ဆောင်ရွက်ပေးရပါမယ်။ လာမယ့်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်အားလုံးသည် ပြည်သူလူထုအကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်မက ဆုတောင်းပေးလိုက်ပါတယ်” ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ဆက်လက်ပြောကြားသည်။

အသက်အရွယ်ပိုင်းအရလည်းကောင်း၊ မျိုးဆက်သစ်များအား နေရာပေးချင်သည့်အတွက်လည်းကောင်း ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားထားသည်။

Most Read

Most Recent