ချယ်လ်ဆီး ၂-၁ မန်စီးတီး
မန်စီးတီးအသင်းက တိုက်စစ်မှူးစစ်စစ်မပါဝင်တဲ့ ပွဲထွက်လူစာရင်းနဲ့ ချယ်လ်ဆီးအသင်းကို ရင်ဆိုင်ကစားခဲ့ပြီး အကျိုးဆက်အဖြစ် ပထမပိုင်းမှာ တိုက်စစ်ပိုင်းက သိသိသာသာအားနည်းခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အရာမထင်သလိုဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ အမှားအယွင်းနည်းအောင် သတိထားကစားခဲ့ပြီး အခွင့်အရေးရမှ ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိနစ်(၃၀)ဝန်းကျင်မှာတော့ ချယ်လ်ဆီးအသင်း ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး ဂိုးရလုရခင်ဖြစ်ခဲ့ပေမယ့် ဦးဆောင်ဂိုးရရှိခဲ့တာကတော့ တန်ပြန်တိုက်စစ်က ဖြစ်တည်ခဲ့တာပါ။ ဒါပေမဲ့ အဓိကအချက်ကတော့ မန်ဒီနဲ့ ဂွန်ဒိုဂန်တို့ နားလည်မှုလွဲခဲ့တာဖြစ်ပြီး ပူလီဆစ်က ဒီအခွင့်အရေးကို အမိအရအသုံးချကာ (၃၆)မှာ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂွါဒီယိုလာက ဘာနာဒိုဆေးလ်ဗားနဲ့ ရိုဒရီတို့နေရာ ဂျေးဇူနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ကိုထည့်ပြီး တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ချေပဂိုးကိုတော့ (၅၅)မိနစ်မှာ ဒီဘရိုင်းနားက ဖရီးကစ်နဲ့ ကန်သွင်းခဲ့တာဖြစ်ပြီး (၅၆)မိနစ်မှာ စတာလင်ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့လို့သာ ချယ်လ်ဆီး သက်သာခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ မန်စီးတီးခံစစ် ဟာကွက်တွေများလာခဲ့ပြီး ပူလီဆစ်ရဲ့ အပိုင်ကန်ချက်ကိုလည်း ဝေါ်လ်ကာ စည်းပေါ်ကနေရှင်းထုတ်ခဲ့ရတယ်။ (၇၆)မိနစ်မှာတော့ ဖာနန်ဒင်ဟို လက်နဲ့ပုတ်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရပြီး ရရှိတဲ့ပယ်နယ်တီကို ဝီလီယံက အနိုင်ဂိုးအဖြစ် ကန်သွင်းယူခဲ့ပါတယ်။ ချယ်လ်ဆီးကွင်းလယ်ကြယ်ပွင့် ပူလီဆစ်ကတော့ ကစားသမားဘ၀ ပထမဆုံးအနေနဲ့ (၂)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။









