ပြီးခဲ့သည့်တနင်္လာနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၅-၀)ဘန်လေပွဲတွင် ပွဲကစားရာ အီတီဟတ်ကွင်းအပေါ် ကောင်းကင်ယံ၌ White Lives Matter Burnley စာတန်းချိတ်ဆွဲထားသည့် လေယာဉ်တစ်စင်း ပျံသန်းခဲ့သည်။
ယင်းလုပ်ရပ်ကိုပြုလုပ်ဖန်တီးခဲ့သူ ဘန်လေပရိသတ်အား သူ၏မိသားစုက စိတ်ဆိုးဒေါသထွက်နေပြီး ဘန်လေအသင်းကလည်း သူ့ကို ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
ပွဲမကစားမီ နှစ်ဖက်အသင်းမှ ကစားသမားများက မြက်ခင်းပြင်ပေါ် ဒူးထောက်၍ Black Lives Matter လှုပ်ရှားမှု (အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ပြီး လူမည်းများဘက်မှ ရပ်တည်ကြောင်းပြသသည့် လှုပ်ရှားမှု)ကို ပြုလုပ်နေချိန်တွင် အီတီဟတ်ကွင်းပေါ်၌ ယင်းလေယာဉ် ပျံသန်းခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးမှုဖြစ်စဉ်အပြီး တစ်ကမ္ဘာလုံး၌ လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်နေကြသလို ပရီးမီးယားလိဂ်တွင်လည်း ကစားသမားများက ပွဲမကစားမီ ဒူးတစ်ဖက်ထောက်ခြင်း၊ အကျႌနောက်ကျောရှိ အမည်နေရာ တွင် Black Lives Matter စာသားရေးထိုးခြင်းများ ပြုလုပ်လျက်ရှိသည်။
ယခု ဘန်လေပရိသတ်တစ်ဦးဖြစ်သူ မာ့ခ်ဟမ်းမား (၃၆ နှစ်)က Black Lives Matter လှုပ်ရှားမှုကို လှောင်ပြောင်သည့်အနေဖြင့် ယင်းလုပ်ရပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ စတန့်ထွင်သောလုပ်ရပ်ကို တော်တော်များများက ဒေါသထွက်လျက်ရှိနေကြကြောင်း သိရှိရသည်။
မာ့ခ်ဟမ်းမား၏ ဖခင်ဖြစ်သူ ဂျော့ချ် (၆၆ နှစ်) က ယင်းလုပ်ရပ်ကြောင့် မိမိတို့မိသားစုအပေါ် လူအများက အမျက်ဒေါသထွက်နေကြကြောင်း၊ မိမိ၏ဇနီးဖြစ်သူမှာ အလုပ်သွားရန်အတွက် နေအိမ်ပြင်ပသို့ပင် မထွက်ရဲတော့ကြောင်း ပြောကြားခဲ့သည်။
Daily Mail သတင်းစာ၏ ဖော်ပြချက်အရ မာ့ခ်ဟမ်းမားမှာ ၂၀၁၁ခုနှစ်အတွင်းက ဘလက်ဘန်းပရိသတ်တစ်ဦးကို တိုက်ခိုက်ခဲ့၍ ထောင်(၃)နှစ်နှင့် (၈)လ ကျခံခဲ့ရသည့် လူရမ်းကား ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ဘန်လေအသင်း၏ CEO ဖြစ်သူ နေးလ်ဟတ်က ''ဒီကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒီလုပ်ရပ်မှာ ပါဝင်သူတွေကို ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်သွားပါမယ်။ ဒါ ရာနှုန်းပြည့်သေချာပါတယ်''ဟု ပြောကြားခဲ့သည်။









