စပါးအသင်းနည်းပြ မော်ရင်ဟိုက ကွင်းလယ်လူ အန်ဒွန်ဘီလီနှင့်သူ ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဆိုသည့်သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။
ထို့ပြင် အသင်း၏ပွဲစဉ်များတွင် အန်ဒွန်ဘီလီကို အသုံးမပြုခြင်းမှာလည်း မလိုအပ်၍ဖြစ်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။
ဘောလုံးပွဲများ ပြန်ကစားရာ၌ စပါးအသင်းမှာ ကစားခဲ့ပြီးသော(၂) ပွဲစလုံး (စပါး ၁-၁ မန်ယူပွဲနှင့် စပါး ၂-၀ ဝက်စ်ဟမ်းပွဲများ)တွင် အန်ဒွန်ဘီလီကို အရန်စာရင်း၌ထည့်သွင်းခဲ့သော်လည်း လူစားထိုးအသုံးပြုခဲ့ခြင်း မရှိပေ။
မော်ရင်ဟိုသည် အန်ဒွန်ဘီလီ၏ခြေစွမ်းနှင့်ပတ်သက်၍ လူသိရှင်ကြားဝေဖန်ဖူးသူဖြစ်ပြီး ၎င်းတို့အကြား တင်းမာမှုများရှိနေကြောင်း ပြင်သစ်မီဒီယာ TF1 က ဖော်ပြခဲ့သည်။
သိို့ဖြစ်ရာ မီဒီယာများက မော်ရင်ဟိုအား ထွက်ပေါ်နေသော သတင်းများမှန်ကန်သလားဟု မေးမြန်းခဲ့ရာ ၎င်းက'' No ၊ အရန်ခုံတန်းမှာ တန်ဂိုင်း (အန်ဒွန်ဘီလီ)၊ ဆီဆက်နွန်၊ အယ်လ်ဒါဝီရယ်လ်၊ ဗာတွန်ဂန်နဲ့ ဂတ်ဒ်ဆန်ဖာနန်ဒက်စ်တို့ရှိပြီး သူတို့အားလုံး မကစားခဲ့ရပါဘူး။ ဒါက ဘောလုံးပါပဲ။ ကျွန်တော့်အတွက် ဒါက ဘာမှမဟုတ်ပါ ဘူး။ (၅)ဦးအထိ လူစားလဲခွင့်ရှိပေမယ့် ကျွန်တော့်အနေနဲ့ ဒီအခွင့်အရေးကို အသုံးချဖို့ မလိုအပ်ပါဘူး''ဟု ပြောကြားခဲ့သည်။









