ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်စာနှင့် ယခင်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားစာ နှစ်ခုအပေါ် ၀ိ၀ါဒကွဲလွဲနေပြီး မည်သို့လုပ်ဆောင်ရမည်ကို သိရှိနိုင်ရန် ဗဟိုကော်မတီထံ စာပေးပို့ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။
COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မေ ၁ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရထံ အကြောင်းကြားစာ ရောက်ရှိလာပြီး စာအတွင်း အဓိကအချက်အဖြစ် အပိုဒ် (၂) တွင် ယခုပြန်လည်ဝင်ရောက်လာမည့် သူများမှာ မိမိတို့ မြန်မာနိုင်ငံသားများဖြစ်၍ တရားဝင်/တရားမဝင် ကို မှတ်တမ်းတင် စာရင်းရယူထားပြီး မိဘစိတ်ထားကာ ပြန်လက်ခံရမည်ဟု ညွှန်ကြားချက်ပါရှိကြောင်း၊ သို့သော် ဇွန်လ ၁၀ ရက်နေ့ သတင်းစာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက အသိပေးကြေညာအဖြစ် ထုတ်ပြန်ချက်အရ ယခင်မိဘသဖွယ် ကြိုဆိုနေရာမှ တရားမဝင် ဝင်ရောက်လာသည့် ပြည်တော်ပြန် လုပ်သားများအား ကြိုဆိုလက်ခံသည့် သူများကို အရေးယူမည်ဟူသည့် အခြေအနေ ဖြစ်နေသောကြောင့် ယင်းညွှန်ကြားစာနှင့် ထုတ်ပြန်စာနှစ်ခုအပေါ်တွင် ဒွိဟဖြစ်စရာများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မေလ ၁ ရက်နေ့က ညွှန်ကြားသည့်စာမှာ COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ ့ထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်သည့် ဗဟိုကော်မတီမှ ထုတ်ပြန်ခြင်းဖြစ်သောကြောင့် ယင်းသို့ ညွှန်ကြားစာနှစ်စောင်အပေါ် ၀ိ၀ါဒ ကွဲလွဲနေပြီး ယင်းအတွက် တနင်္သာရီတိုင်း ဒေသကြီး COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး၌လည်း ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ ယင်းကိစ္စအပေါ် မည်သို့လုပ်ဆောင်ရမည်ကို သိရှိနိုင်ရန် ဇွန်လ ၁၂ ရက်က အဆိုပါ ကော်မတီနှစ်ခုစလုံးထံ ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး တင်ပြထားပြီး မကြာမီရက်ပိုင်းအတွင်း အဖြေသိရမည်ဟု တနသာင်္ရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။
“ကျွန်တော်တို့ဆီမှာ တရားဝင်နယ်စပ်ဂိတ်ဆိုတာက မောတောင်လည်း တရားဝင် နယ်စပ်ဂိတ်ပဲ၊ ထီးခီးလည်း တရားဝင် နယ်စပ်ဂိတ်ပဲ၊ ကော့သောင်းလည်း တရားဝင် နယ်စပ်ဂိတ်ပါပဲ။ သို့သော် COVID – 19 ကာလနောက်ပိုင်းမှာ နယ်စပ်ဂိတ်တရားဝင် ဖွင့်လှစ်ခြင်းတွေကို ကော့သောင်းတစ်ခုတည်း ခွင့်ပြုထားတယ်။ ဒါကိုတောင်မှ ကျွန်တော်တို့ တနင်္သာရီတိုင်းက တင်ပြလို့ ခွင့်ပြုပေးတာ။ အခုဆိုရင် တရားဝင်ခွင့်ပြုထားတာသည် ကော့သောင်းဂိတ်တစ်ခုရယ်၊ ကရင်ပြည်နယ်က မြဝတီနယ်စပ်ပေါက်ရယ်၊ တာချီလိတ်က တစ်ပေါက်ရယ် သုံးပေါက်ပဲ တရားဝင်ခွင့်ပြုထားပြီးတော့မှ နေရပ်ပြန်တွေအားလုံးကို အဲဒီသုံးပေါက်ကပဲ တရားဝင် ဝင်ခွင့်ပြုထားတယ်။ ကျန်တဲ့နေရာက ဝင်လာတာအားလုံးသည် တရားမဝင်ဘူးပဲ။ အဲဒီတော့ ဒီအပေါ်မှာ အချို့အကြောင်းအမျိုးမျိုးကြောင့် ဟိုဘက်ကို အလုပ်သွားလုပ်ကြတဲ့နေရာမှာ တရားဝင်တဲ့သူ ရှိတယ်၊ တရားမဝင်ဘဲနဲ့ ဒီကနေပြီးတော့ Border Pass တွေနဲ့ ထွက်သွားပြီး ဟိုမှာသွား အလုပ်သွားလုပ်လိုက်ကြတာ ရှိတယ်။ ပြန်လာတဲ့ အချိန်ကျတော့ တရားဝင်နယ်စပ်ပေါက်က ဝင်လာဖို ့ခက်တယ်။ တချို့ကလည်း ရုံးလုပ်ငန်း မသိတာတွေ၊ ကြောက်တာတွေကြောင့် အဆင်ပြေသလို ဝင်ထွက်ကြတယ်။ ကျွန်တော်တို ့တိုင်းကလည်း နယ်နိမိတ်ကရှည်တော့ ဘာပဲပြောပြော ဂိတ်ပေါက်က ဝင်ရမယ်ဆိုတဲ့ အချိန်မှာဝင်ဖို ့အခက်အခဲတွေရှိတော့ ဟိုဘက်မှာ မတန်တဆ ငွေပေးပြီးတော့မှ ထိုင်းကပွဲစားတွေကို အကူအညီ တောင်းရတာရှိတယ်။ ပိုက်ဆံတွေပေးရတာ ရှိတယ်။ အဲဒါတွေနဲ့ တရားမဝင်တဲ့နည်းနဲ့ ကြုံရာလမ်းကြောင်းကနေ ထွက်လာကြတာပေါ့။ ထွက်လာတော့ ဒီကိုရောက်ပြီ ဆိုကြပါစို့၊ ထီးခီးရောက်ပြီ၊ မောတောင်ရောက်ပြီ။တချို့က တရားဝင်လမ်းက ကားတွေနဲ့ လာတာမဟုတ်တဲ့အတွက် ချုံတွေတိုးရတယ်၊ တောထဲမှာ ညအိပ်ရတယ်။ ဒုက္ခတွေရောက်ကြတယ်။ တချို့ဆို ဖိနပ်မပါ ဘာမပါတွေလည်း ရှိတယ်။ တချို့ဆိုရင် ကလေးဆွဲပြီး၊ တချို့ဆို ကိုယ်မှာ ဆူးခြစ်ရာတွေနဲ့ ဒုက္ခတွေ ရောက်ကြတယ်။ တချို့ကလည်း နှစ်ရက်သုံးရက် ထမင်းငတ်နေပြီ။ စားစရာသောက်စရာ အတော်ခက်ခဲနေပြီ။ ကြည့်လိုက်တော့လည်း ကျွန်တော်တို့ တိုင်းရင်းသားတွေ၊ တချို့ မွန်ဘက်က ပါတယ်။ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းတို့ ဒီလိုမျိုး ကိုယ့်တိုင်းရင်းသားတွေပါပဲ။ လက်မခံဘူးဆိုရင် ကျွန်တော်တို့အတွက် အခက်အခဲရှိတယ်။ ကိုယ့်တိုင်းရင်းသား ပြန်လာတာ တရားမဝင်တော့ မပြန်နဲ့၊ သို့သော် မင်းတို ့လက်မခံဘူးဆိုရင် ဒီအဖွဲ့တွေက ပြန်ထွက်လို့လည်း အဆင်မပြေတော့ဘူး။ ပြန်ထွက်ရင်လည်း ဟိုမှာသူထောင်ကျမယ်။ ဒီလိုအနေအထားတွေကြောင့် တုံ့ပြန်ရေးကော်မတီမှာ အခက်ခဲတွေ သွားတွေ့ရတယ်။ ဒီအခက်အခဲကို အပေါ်တင်ပြထားတယ်။ လမ်းညွှန်ချက်ကို ခံယူပြီးတော့ တရားဝင်သည် တရားမဝင်သည် ဝင်လာတဲ့အပေါ်မှာ ဒီလိုအခက်အခဲ ဖြစ်နေတယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ရမယ်ဆိုတာ အပေါ်ကသူတို့ ပိုပြီးတော့မှ ဆုံးဖြတ်နိုင်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် အချက် ၃ ချက်ပါ စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး စာအတွင်း၌ ကော်မတီက ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင် နယ်စပ်ဂိတ်များမှသာ ပြန်လည်ဝင်ရောက်စေရန်နှင့် ကျန်းမာရေးစောင့် ကြည့်စစ်ဆေးမှုအား ခံယူစေရန် အကြောင်းကြားပြီး ဖြစ်သော်လည်း တရားဝင်လက်ခံရေး စခန်းမရှိသော နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများ ရှိနေသည့်အတွက် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ရောဂါပြန့်ပွားမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို ့မည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်များမှ ဝင်ရောက်လျှင် ယင်းသို့ တရားမဝင် ဝင်ရောက်ကြောင်း သိလျက်နှင့် လက်သင့်ခံလျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း ကြေညာထားခဲ့သည်။ မြန်မာနိုင်ငံတွင် COVID – 19 ဗိုင်းရပ် စတင်တွေ့ရှိခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ ဒေသခံ ရွှေ့ပြောင်းလုပ်သားများမှာ ထားဝယ်ဒေသတွင်းရှိ ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် လက်ရှိအချိန်ထိ နေ့စဉ်ဝင်ရောက်မှုရှိခဲ့သော်လည်း ယင်းသို့ ထုတ်ပြန်ပြီးနောက် တရားမဝင်နယ်စပ်မှ ဖြတ်သန်းဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့ကို လက်ခံထားသူများကို ဇွန် ၁၄ ရက်မှစတင်ကာ အရေးယူသွားတော့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ငါတို့က အခု အဲဒါတော့ စမှာပေါ့၊ အရေးယူတာတော့ မရှိသေးဘူး။လောလောဆယ်တော့ ဇွန် ၁၄ ရက်ဆိုတရားမဝင်တော့ဘူးပေါ့နော်။ အခုက ကြားထဲမှာတော့ လက်ကျန်လေးတွေရှိနေလို့ လက်ခံပေးနေတာ။ တနင်္ဂနွေကနေ လက်မခံတော့ဘူး။ ဇွန် ၁၄ ရက်ကစပြီး တရားမဝင် ဝင်လာတဲ့သူတွေကို အရေးယူမယ်။ နယ်စပ်ကိုတော့ ပြောထားပြီးပြီ။ လောလောဆယ် အဲဒီအနေအထားပေါ့” ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။
ယင်းသို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည့်အတိုင်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပြင် ၎င်းတို့အား လက်ခံထားသူများကိုပါ အရေးယူမည်ဆိုပါက COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များနှင့် အရပ်ဖက် အဖွဲ့အစည်းများအတွက် အခက်ခဲများ ရှိနိုင်သည့်အပြင် တစ်ဖက်နိုင်ငံ၌ အခက်အခဲများစွာကြောင့် ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများအတွက် ကြီးမားသော အခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် ဗဟိုအစိုးရအနေဖြင့် မြေပြင်အနေအထားကို သေချာသုံးသပ်ပေးရန် လိုအပ်ကြောင်း COVID – 19 ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဝေဖြိုးက ပြောကြားသည်။
“အခုလက်ရှိတော့ ကိုယ့်နိုင်ငံထဲ ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တတ်နိုင်သလောက် အရေးမယူအောင် လိုက်ပြောပေးနေတယ်။ တကယ်လို ့အရေးယူမယ်ဆိုရင် အစ်ကိုတို့လည်း လက်ခံထားသူလို ဖြစ်နေတော့ အရေးယူမယ်ဆိုလည်း အရေးယူပေါ့၊ အားလုံးကို အရေးယူပေါ့။ ဒီတရားမဝင် လုပ်သားတွေ စဝင်လာတဲ့ ဂိတ်တွေက တာဝန်ရှိသူတွေကိုလည်း အရေးယူပေါ့။ ဒီကို တရားမဝင် ဝင်လာတဲ့ကိစ္စမှာ ပွဲစားတွေက ချုပ်ကိုင်ထားတယ်။ မြန်မာလုပ်သားတစ်ယောက်က ဘတ် (ထိုင်းနိုင်ငံတွင် နေထိုင် လုပ်ကိုင်ခွင့်)၊ ပတ်စ်ပို့၊ အထောက်အထားလက်မှတ် ဘာတစ်ခုမှ မရှိဘူးဆိုရင် တစ်ယောက်ကို ထိုင်းဘတ်ငွေ ၇၅၀၀ (မြန်မာ ကျပ်ငွေ သုံးသိန်းကျော်) နဲ့ မြန်မာပြည်ထဲ အရောက်ပို့ပေးဖို ့လက်ခံတယ်။ ဟိုဘက်က ပွဲစားတွေကလည်း မြန်မာတွေပဲ။ ပြီးရင် ပတ်စ်ပို့နဲ့ အခြားစာရွက်စာတမ်းတွေ ရှိတဲ့သူဆိုရင်တော့ တစ်ယောက်ကို ထိုင်းဘတ်ငွေ ၅၀၀၀ (မြန်မာငွေ နှစ်သိန်းကျော်) နဲ့ ဝင်ရတယ်။ ဒါပေမဲ့ တောလမ်းခရီးနဲ့ တောင်တွေကိုကျော်ပြီး လေးနာရီလောက် လမ်းလျှောက်ရတယ် ပြောတယ်။ ဗိုက်ကြီးသည်တွေရော အကုန်လုံးပေါ့။ လမ်းမှာသောက်ဖို့ ရေလည်းမရှိဘူး။ တောထဲမှာရတဲ့ရေကို သောက်ရတယ်လို ့ပြောတယ်။ ဒီဘက်ခြမ်းရောက်ရင် ပွဲစားတွေ ချိတ်ဆက်ပေးထားတဲ့သူက လာကြိုပြီးတော့ သွားမယ့်နေရာကို ပို့ပေးတယ်ပေါ့။ ဒီဘက်ကို ရောက်လာတဲ့အချိန်မှာ ကားသမားတွေက ယုတ်မာပြီး မေတ္တာဂိတ် (ထားဝယ်-ထီးခီးနယ်စပ်လမ်းမပေါ်ရှိ အဓိက တံတားဂိတ်) ဟိုဘက်ခြမ်းမှာ ထားခဲ့ပြီး ပြန်ပြေးသွားတာတွေ ရှိတယ်။ တံတားဒီဘက်ခြမ်းမှာရှိတဲ့ စစ်ဆေးရေးအဖွဲ့တွေကနေ Ambulance တွေနဲ့ ပို့ပေးလိမ့်မယ်ဆိုပြီး အဲဒီလို ပြေးသွားကြတာ။ ဒါတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူတာလည်း မရှိဘူး။ ပြီးတော့ ဂိတ်ကနေ ဒီလိုဝင်လာတဲ့သူတွေကို ညအချိန်မတော် ဖြတ်ခွင့်ပြုပြီး လွှတ်လိုက်တာတွေလည်း ရှိတယ်။ ဒီတရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့ကိစ္စက ပွဲစားတွေကို ထိထိရောက်ရောက် အရေးယူမှုမရှိလို့ ဖြစ်နေတာ” ဟု ကိုဝေဖြိုးက ပြောကြာသည်။















